ဆိတ်နှင့် ဝက်မွေးမြူရေး လုပ်ငန်းများမှတစ်ဆင့် မြန်မာနိုင်ငံ၊ ညောင်ဦးမြို့နယ်ရှိ အမျိုးသမီးများအား စွမ်းဆောင်ရည် မြှင့်တင်ပေးခြင်း
2023- December 7
UNDP သည် မြန်မာနိုင်ငံ ညောင်ဦးမြို့နယ်ရှိ အမျိုးသမီးများအား ဆိတ်နှင့်ဝက် မွေးမြူရောင်းချရေးလုပ်ငန်းများကို အစုလိုက် စတင် ထူထောင်နိုင်ရန် ကူညီပေးနေသည်။ ထိုသို့ကူညီပေးခြင်းအားဖြင့် မတူကွဲပြားသော ဝန်းကျင်မှလာသည့် အမျိုးသမီးများနှင့် ၎င်းတို့မိသားစုများ၏ အသက်မွေးဝမ်းကျောင်းမှုကို ကူညီပေးကာ အနာဂတ်တွင် ရေရှည်တည်တံ့သော ပုံမှန်ဝင်ငွေတစ်ခု ရရှိစေနိုင်မည်ဖြစ်သည်။
မြန်မာပြည်အလယ်ပိုင်း အညာဒေသ၏ ရာသီဥတုမှာ အထူးခြောက်သွေ့ပြီး တစ်နှစ် တစ်မိုးလျှင် တစ်ကြိမ်သာ စိုက်ပျိုးရိတ်သိမ်းနိုင်သောကြောင့် သီးနှံအထွက်နှုန်းမှာ အကန့်အသတ်ရှိကာ တောင်သူလယ်သမားများအတွက် စိန်ခေါ်မှုများ ဖြစ်ပေါ်စေပါသည်။
မြန်မာနိုင်ငံ၏ နိုင်ငံရေး အကျပ်အတည်းနှင့် စီးပွားရေး မတည်ငြိမ်မှုများသည် ယင်းပြဿနာနှင့် စိန်ခေါ်မှုများကို ပိုမိုဆိုးရွားစေသည်။ စားနပ်ရိက္ခာနှင့် လောင်စာဆီကဲ့သို့သော အခြေခံ နေ့စဥ်သုံးပစ္စည်းများ၏ ဈေးနှုန်းများ မြင့်တက်လာရုံသာမက စိုက်ပျိုးရေးသွင်းအားစုများ၏ ကုန်ကျစရိတ်များလည်း မြင့်တက်လာသောအခါ တောင်သူလယ်သမားများအနေဖြင့် ၎င်းတို့ အသက်မွေးဝမ်းကြောင်းပြုသည့် လယ်ယာလုပ်ငန်းကို ဆက်လက်လုပ်ကိုင်ရန် ခက်ခဲလာပါသည်။
UNDP က ဝင်ငွေနည်းအိမ်ထောင်စုများမှ အမျိုးသမီးများအား ၎င်းတို့ လိုချင်သည့် ပံ့ပိုးကူညီမှုများအကြောင်း ဆွေးနွေးသောအခါ ညောင်ဦးဒေသခံများအတွက် တိရစ္ဆာန်မွေးမြူရေးလုပ်ငန်းသည် အောင်မြင်ရန် အလားအလာရှိပြီး အချိန်ကုန်သက်သာသည့် အသက်မွေးဝမ်းကြောင်း ရွေးချယ်စရာတစ်ခုအဖြစ် ပေါ်ထွက်လာခဲ့သည်။
အစုအဖွဲ့အလိုက် ဆိတ်မွေးမြူခြင်း
ပုဂံမြို့နှင့် မဝေးလှသည့် ထနောင်းဝင်းကျေးရွာတွင် UNDP က အမျိုးသမီး အုပ်စုနှစ်စုကို ရွေးချယ်၍ စနစ်တကျ ဆိတ်မွေးမြူနည်း၊ ကာကွယ်ဆေးထိုးခြင်း၊ ဆိတ်ခြံဆောက်လုပ်ခြင်း၊ ဆိတ်ကျောင်းခြင်းနှင့် အစာ အာဟာရတုံးများ ပြုလုပ်ခြင်း အစရှိသည့် နည်းလမ်း များအား လေ့ကျင့်သင်ကြားပေးခဲ့သည်။
အမျိုးသမီးများသည် ဆိတ်မွေးမြူရေးတစ်ခုတည်းမှ ဝင်ငွေရရုံတင်မကဘဲ ဆိတ်နှင့် ဆက်စပ်ပစ္စည်းများမှလည်း ဝင်ငွေရရှိကြပါသည်။ ဆိတ်မှထွက်သည့် ဆိတ်ချေးများကို ၎င်းတို့၏ လယ်မြေများတွင် သဘာဝမြေဩဇာအဖြစ် ပြန်လည်အသုံးပြုကြသည်။ ဆိတ်များသည် စားကျက်မြေသို့လွှတ်လိုက်သောအခါ အများစုမှာ သဘာဝအလျှောက်ပေါက်သည့် ဇီးသီးများကို စားသုံးကြပြီး ထိုဇီးသီးအစေ့များကို ခြံထဲတွင် ပြန်လည် ထွေးထုတ်လေ့ရှိကြသည်။ ထိုဇီးသီးအစေ့များကို ကောက်ယူ၍ စုဆောင်းကာ စျေးကွက်တွင် ပြန်လည်ရောင်းချနိုင်သေးသည်။ ထို့အပြင် UNDP မှ ထောက်ပံ့ပေးအပ်ထားသည့် ဆိတ်အမ အများစုမှာ ဇီးတင်ပြီးသားဖြစ်သောကြောင့် ၎င်းတို့ သားပေါက်သောအခါတွင်လည်း ဝင်ငွေများ တိုးလာမည်ဖြစ်သည်။ အလားတူဖြစ်ရပ်မျိုး အမျိုးသမီးအဖွဲ့ဝင် တစ်ဦးဖြစ်သူ ဒေါ်ဖြူခိုင်၏ ဆိတ်များတွင် ဖြစ်ပွားခဲ့သည်။
"စစချင်းကတော့ ဆိတ်အမလေးသုံးကောင် စမွေးဖြစ်ခဲ့တာပေါ့နော်။ သုံးကောင်မှာ တစ်ကောင်က ၄ လအတွင်း သားပေါက်ပါတယ်။ တခြား ဆိတ်အမလေး နှစ်ကောင်ကလည်း ဇီးနဲ့မို့လို့ မကြာခင်မွေးတော့မှာပါ။ အဲဒါဆိုရင် ၄/၅ လအတွင်း ကျွန်မမှာ ဆိတ် ၆ ကောင်တောင် ဖြစ်သွားတော့မှာပါ" ဟု သူမက ပြောကြားခဲ့သည်။
အမျိုးသမီးများသည် ၎င်းတို့ အုပ်စုအတွင်း အချင်းချင်း ကူညီရိုင်းပင်းကာ အပြန်အလှန် ကူညီပံ့ပိုးမှုဖြင့် ဆိတ်များကို မွေးမြူထိန်းကျောင်းကြသည်။
"ဒီဆိတ်တွေကို ပြုစုစောင့်ရှောက်ဖို့အတွက် တစ်ဦးချင်းစီရဲ့ ကိုယ်ပိုင်အချိန်တွေနဲ့ ညှိနှိုင်းပြီး အချိန်ဇယား ဆွဲထားပါတယ်။ ကျွန်မတို့အုပ်စုမှာ တစ်ဦးချင်းစီ အလှည့်ကျ ဆိတ်ကျောင်းထွက်ရပါတယ်။ ကိုယ့်အလှည့်ရောက်လို့ ဆိတ်ကျောင်းရရင် တခါကျောင်း ၂ရက်ကနေ ၃ရက် အထိ ကျောင်းပေးရပြီး နောက်အဖွဲ့ဝင် တစ်ဦးဆီကို တာဝန်လွှဲပြောင်းပေးရပါတယ်။ ဒီစနစ်က ကျွန်မတို့တစ်ဦးတစ်ယောက်ချင်းရဲ့ အချိန်နဲ့အလုပ်ကို သက်သာစေပြီး အဖွဲ့လိုက်လုပ်ဆောင်တတ်အောင်လည်း သင်ကြားပေးပါတယ်" ဟု အခြား အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဒေါ်တင်မာဝင်းက ပြောကြားခဲ့သည်။
ဤနည်းဖြင့် ကျေးရွာတွင် ယခင်ကမရှိခဲ့သော အမျိုးသမီး ဦးဆောင်သည့် လုပ်ငန်းများကို ဖော်ဆောင်နိုင်ရန် ရည်ရွယ်ပါသည်။
"ကျွန်မအမျိုးသားက ထန်းတက်ပြီး ထန်းလျှက်နဲ့ ထန်းရည်ကို ရောင်းချပါတယ်။ ကျွန်မကတော့ ဘေးကနေ ကူညီပေးရုံပဲပေါ့။ ထန်းတက်တာ တစ်ခုတည်းကနေပဲ အိမ်ရဲ့ဝင်ငွေက မှီခိုနေရတော့ ထန်းတက်လို့ရတဲ့ ရာသီမှာပဲ ဝင်ငွေရသလို ဖြစ်နေတာပေါ့နော်။ ပုံမှန်ဝင်ငွေရယ်လို့ မရှိဘဲ ဒီအတိုင်းရုန်းကန်နေကြရတာပါပဲ" ဟု ဒေါ်ဖြူခိုင်က ပြောပြခဲ့သည်။
ဒေါ်တင်မာဝင်းတွင် မိသားစုဝင်ခြောက်ဦးရှိပြီး ကောက်ရိတ်သိမ်းချိန်တွင် နေ့စားအလုပ်သမားအဖြစ် ရံဖန်ရံခါ လုပ်ကိုင်ရသော်လည်း ပုံမှန်ဝင်ငွေရရှိမည့် အလုပ်မှာ ရှာဖွေရန် ခက်ခဲနေခဲ့ပါသည်။
“UNDP ရဲ့ ပံ့ပိုးကူညီမှုကြောင့် ပုံမှန်ဝင်ငွေရတဲ့ အလုပ်ကိုရရှိခဲ့ပြီး ဒီအလုပ်ကပဲ ကျွန်မမိသားစုရဲ့ အသက်သွေးကြောလို ဖြစ်နေပါတယ်’’ ဟု သူမက ပြောခဲ့သည်။
“အရင်က ဆိတ်လည်း မမွေးဖူးတော့ စစချင်းမွေးကြမယ်ဆိုတော့ အတွေ့အကြုံကမရှိနဲ့ ဖြစ်ပါ့မလားလို့ စိုးရိမ်ခဲ့ပါတယ်။ UNDP က ဆိတ်မွေးတာနဲ့ ပက်သက်ပြီး သင်တန်းတွေ သေသေချာချာ အသေးစိတ်ပေးခဲ့တော့ နောက်ဆုံးတော့လည်း ယုံကြည်မှုပိုရှိလာပြီး ကျွန်မရဲ့ ဆိတ်ခြံအလုပ်ကို စတင်ဖြစ်ခဲ့ပါတယ်"
သူမသည် သင်တန်းမှ သူမ သင်ကြားခဲ့သမျှ အလုံးစုံကို သားသမီးများဆီသို့ လက်ဆင့်ကမ်း ပြန်လည် သင်ကြားပို့ချ ပေးခဲ့သည်။ ဤနည်းဖြင့် နောက်မျိုးဆက်များဆီသို့ပါ အသက်မွေးဝမ်းကြောင်း ပညာတစ်ခုကို လက်ဆင့်ကမ်းနိုင်မည်ဖြစ်သည်။
စျေးကွက်ဝင် ဝက်မွေးမြူခြင်း
ညောင်ပင်သာကျေးရွာတွင် UNDP မှ တခြားသော အမျိုးသမီးအုပ်စုနှင့် အတူလက်တွဲ၍ ၎င်းတို့အား စျေးကွက်ဝင် ဝက်မွေးမြူခြင်း စတင်နိုင်ရန်အတွက် ပံ့ပိုးကူညီပေးခဲ့သည်။
UNDP မှ အမျိုးသမီးတစ်ဦးချင်းအား ကာကွယ်ဆေးထိုးပြီးသား ကျန်းမာရေးကောင်းသည့် ဝက်ပေါက်တစ်ကောင်စီကို ပံ့ပိုးပေးအပ်ခဲ့သည်။ ထို့နောက် အရည်အသွေးမီ ဝက်စာများကိုလည်း ခြောက်လစာပေးအပ်ခဲ့ပြီး စျေးကွက်ဝင်အောင် မွေးမြူနည်းများ၊ ကျန်းမာရေးစစ်ဆေးနည်းများနှင့် ဝက်ခြံသန့်ရှင်းရေးလုပ်နည်းများကိုပါ သင်ကြားပြသပေးခဲ့သည်။ မွေးမြူထားသည့် ဝက်များတွင် ကျန်းမာရေးဆိုင်ရာ ပြဿနာများ ကြုံတွေ့ရသည်နှင့် တစ်ပြိုင်နက် အချိန်မရွေး ဖုန်းခေါ်ဆို မေးမြန်းနိုင်သည့် တိမွေးကုဝန်ဆောင်မှု တစ်ခုကိုလည်း UNDP မှ ပံ့ပိုးထားရှိပေးထားပါသည်။
စတင်မွေးမြူချိန်မှ ခြောက်လ သို့ ခုနစ်လ အကြာတွင် ဝက်များကို စျေးကွက်တွင် ရောင်းချနိုင်ပြီဖြစ်သည်။ ထိုအခါ အမျိုးသမီးများသည် များပြားသော အမြတ်ငွေများ ရရှိနိုင်ပြီး ထိုအမြတ်ငွေထဲမှ အနည်းငယ်ကို လုပ်ငန်းတွင် ပြန်လည် ရင်းနှီးမြှုပ်နှံနိုင်ကာ ၎င်းတို့၏ မိသားစုဝင်ငွေလည်း တိုးပွားလာမည် ဖြစ်သည်။
"ကျွန်မမွေးထားတဲ့ ဝက်ကိုတော့ ပြီးခဲ့တဲ့လကပဲ အောင်အောင်မြင်မြင်နဲ့ ရောင်းလိုက်နိုင်ပြီး အမြတ်တွေလည်း ရရှိခဲ့ပါတယ်။ ရလာတဲ့အမြတ်ထဲက အနည်းငယ်ကို နောက်ထပ် ဝက်ပေါက်တစ်ကောင် ထပ်ဝယ်ဖို့သုံးခဲ့တယ်။ ကျန်တဲ့ငွေတွေကိုတော့ မိသားစုလုပ်ငန်းမှာ အရင်းအနှီး အနေနဲ့ ပြန်သုံးသွားပါမယ်" ဟု ကျေးရွာတွင် မြန်မာထမင်းဟင်း ရောင်းချနေသူ ဒေါ်ခင်ချိုဝင်း က ပြောကြားခဲ့သည်။
"ဝက်ရောင်းတာကနေ အမြတ်ငွေ ၆၀၀,၀၀၀ ကျပ်ရခဲ့ပါတယ်။ ဝက်ပေါက်လေးပြန်မွေးဖို့ ဝယ်တာကတော့ ၁၂၀,၀၀၀ ကျပ်ပါ"
အမျိုးသမီးအဖွဲ့ဝင် တစ်ဦးဖြစ်သည့် အသက်ခုနှစ်ဆယ်အရွယ် ဒေါ်ခင်သိန်းသည် အဖွဲ့ထဲတွင် အသက်အရွယ် အကြီးဆုံးသူဖြစ်ပြီး အသက် ခုနစ်နှစ်အရွယ် မြေးဖြစ်သူအား ပြုစုစောင့်ရှောက်ပေးနေရသူလည်း ဖြစ်သည်။ သူမ၏ သားသမီးများမှာ ရန်ကုန်နှင့် မန္တလေးမြို့ကြီးများတွင် အလုပ်လုပ်ကိုင်ရန်အတွက် ရွာမှ ထွက်ခွာသွားခဲ့ကာ ယခုအခါ အိမ်ထောင်စုကို သူမတစ်ယောက်တည်း ဦးဆောင်နေခဲ့သည်။
"ဝက်မွေးတာကို စပြီးမလုပ်ခင်က ကျွန်မသမီးပို့ပေးတဲ့ လစဉ်ထောက်ပံ့ငွေလေးနဲ့ပဲ မိသားစု ရပ်တည်ခဲ့ရပါတယ်။ ဒါပေမယ့် အဲဒီထောက်ပံ့ငွေကလည်း မလုံလောက်ခဲ့ပါဘူး" ဟု သူမက ပြောပြခဲ့သည်။
"UNDP က ဝက်မွေးနိုင်အောင်လို့ ကူညီပေးခဲ့တာက တကယ့်ကိုပဲ ကျွန်မအတွက် အကူအညီဖြစ်ခဲ့ပြီး အကျပ်အတည်းတွေကြားထဲက အသက်ရှူချောင်နိုင်သွားတယ်။ သူတို့ရဲ့ အထောက်အပံ့နဲ့ပဲ ပထမဆုံးဝက်ကို အဖိတ်အစင်မရှိ အောင်အောင်မြင်မြင်နဲ့ မွေးနိုင်၊ ရောင်းချနိုင်ခဲ့ပြီး အမြတ်လည်းရခဲ့တယ်။ ရတဲ့အမြတ်က ကျွန်မမိသားစု စားဝတ်နေရေး အတွက်ရော မြေးလေးရဲ့ ကျောင်းစရိတ်အတွက်ပါ ထောက်ပံ့ပေးနိုင်ခဲ့ပါတယ်။"
ဒေါ်တင်သိန်းသည် အသက်အရွယ်ကြောင့် ဝက်စာပြင်ဆင်ခြင်းနှင့် ဝက်ခြံအတွက် သောက်ရေ ဖြည့်တင်းရခြင်းတို့တွင် အခက်အခဲများရှိခဲ့သော်လည်း အမျိုးသမီးအဖွဲ့အတွင်း အတူတကွ ရိုင်းပင်းမှုကြောင့် သူမအနေဖြင့် ထိုကိစ္စများတွင် အကူအညီများရရှိခဲ့သည်။
"ကျွန်မရဲ့ အသက်အရွယ်ကြောင့် ဒီတာဝန်တွေက ဝန်ထုပ်ဝန်ပိုးလို တခါတလေ ဖြစ်တာပေါ့နော်။ ဒါပေမယ့်လည်း ကူညီတတ်တဲ့ အိမ်နီးချင်းတွေနဲ့ အမျိုးသမီးအဖွဲ့ထဲက သူတွေရှိတာမို့လို့ အရမ်းကံကောင်းပါတယ်။ သတို့ရဲ့ ရိုင်းပင်းကူညီတာတွေကြောင့်ပဲ မွေးထားတဲ့ ဝက်လေးက ကျန်းမာရေးကောင်းပြီး ထွားလာပါတယ်" ဟု သူမက ထပ်မံ ပြောကြားခဲ့သည်။
ဤလုပ်ဆောင်မှုများသည် ENCORE စီမံကိန်း၏ တစ်စိတ်တစ်ပိုင်းဖြစ်သော အမျိုးသမီးများအတွက် ပံ့ပိုးကူညီပေးနေသည့် လုပ်ဆောင်မှုများစွာထဲမှ တစ်ခုသာ ဖြစ်သည်။ ENCORE သည် ပဲခူး၊ မန္တလေး၊ မကွေး၊ ကချင်၊ ကရင်၊ မွန်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် တနင်္သာရီတိုင်း ဒေသကြီးတဝှမ်းတွင် လူဦးရေ ၇၅၀,၀၀၀ ကျော်အထိ ရောက်ရှိ ကူညီခဲ့ပြီးဖြစ်သည်။