မြန်မာနိုင်ငံတွင်း အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန် UNDP က စတင်မိတ်ဆက်လိုက်သည့် အခမဲ့ သင်ကြားရေး ပလက်ဖောင်း

2023- နိုဝင်ဘာလ 2
UNDP’s E-learning Portal for Micro, Small and Medium-sized Enterprises (MSMEs)

UNDP ၏ အသေးစား၊အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်း (MSME) များအတွက် သင်ကြားရေး ပလက်ဖောင်းအသစ် အဖွင့်စာမျက်နှာအား တွေ့ရစဉ်

UNDP ၏ မြန်မာ MSME များအတွက် E-learning Portal(link is external)  သည် မြန်မာ့စီးပွားရေး အသိုက်အဝန်းအတွင်း လုပ်ငန်းလည်ပတ်မှုတွင် အခြေခံကျသော လိုအပ်ချက်များကို ပိုမိုပံ့ပိုးစေနိုင်ရန်နှင့် တာဝန်ယူမှုရှိသော စီးပွားရေးလုပ်ငန်း အလေ့အကျင့်ကောင်းများ တိုးတက်လာစေရန်အတွက် လိုအပ်သည့် အရင်းအမြစ်များကို အခမဲ့ ပို့ချပေးနေသော သင်ကြားရေးပလက်ဖောင်းပင် ဖြစ်သည်။  

မြန်မာနိုင်ငံ၏ လက်ရှိစီးပွားရေးကျဆင်းမှု အခြေအနေများကြောင့် အခက်အခဲ၊ အကြပ်အတည်းများကြားတွင် ကြံ့ကြံ့ခံ ရပ်တည်နေရသော အသေးစား၊အငယ်စားနှင့်အလတ်စားစီးပွားရေးလုပ်ငန်း (MSME) များကို တစ်ဖက်တစ်လမ်းမှ လုပ်ငန်းတိုးချဲ့နိုင်ရန် အကူအညီများအပြင် လိုအပ်နေသော အချိတ်အဆက် အခွင့်အလမ်းများပံ့ပိုးပေးပြီး ဆင်းရဲမွဲတေမှုကိုလည်း အတတ်နိုင်ဆုံး လျှော့ချနိုင်ရန် ရည်ရွယ်ပါသည်။  

Impact Hub Yangon(link is external)  နှင့် တီထွင်ဖန်တီးထားသည့် ပလက်ဖောင်းပေါ်မှ သင်တန်း တစ်ခုချင်းစီသည် မြန်မာဘာသာစကားဖြင့်  ပို့ချထားခြင်းဖြစ်ပြီး မတူညီသော စီးပွားရေးနယ်ပယ်မှ ကျွမ်းကျင်သူများက စာတွေ့ သီအိုရီသဘောတရားများအား လက်တွေ့ ပြည်တွင်းအတွေ့အကြုံများနှင့် အံဝင်ခွင်ကျ ချိတ်ဆက်မှုရှိစေရန်အတွက် ဂရုတစိုက် ဖန်တီးထားပါသည်။  

သင်ကြားပေးမည့် ဘာသာရပ်များထဲတွင် ဒစ်ဂျစ်တယ်ဆိုင်ရာ နားလည်တတ်မြောက်မှု၊ ငွေကြေးဆိုင်ရာ စီမံခန့်ခွဲမှု မှအစပြု၍ စီးပွါးရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး၊ စျေးကွက်ချဲ့ထွင်ခြင်းနှင့် အမှတ်တံဆိပ် မြှင့်တင်ခြင်းများ အထိ လေ့လာစရာ အကြောင်းအရာများစွာ ပါဝင်ပါသည်။ သဘာဝပတ်ဝန်းကျင်ကို အလေးထားသည့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး နှင့် အမျိုးသမီး လုပ်ပိုင်ခွင့်စွမ်းအား မြှင့်တင်ခြင်း ဆိုင်ရာ သင်တန်းများသည် စီးပွားရေးလုပ်ငန်းများကို ပိုမိုတာဝန်ယူမှုရှိရှိနှင့် လုပ်ကိုင်နိုင်စေရန်အတွက် ကူညီပေးပါသည်။  

လေ့လာသင်ယူသူများသည် သင်ခန်းစာ ဘာသာရပ် တစ်ခုချင်းစီတိုင်းကို မိမိတို့ အဆင်ပြေသလိုအချိန်မရွေး ဝင်ရောက်လေ့လာနိုင်ပါသည်။ မိမိတက်ရောက်လိုသော ဘာသာရပ်အပေါ် မူတည်ပြီး သင်တန်းပြီးဆုံးသည်အထိ သင်ကြားလေ့လာချိန်သည် ၆ နာရီမှ ၁၈ နာရီအထိ ကြာနိုင်ပါသည်။ သင်တန်းသားများသည် နောက်ဆုံးစာမေးပွဲအား ဖြေဆိုအောင်မြင်ပြီးသည်နှင့် သင်တန်းပြီးဆုံးကြောင်း ဒစ်ဂျစ်တယ်လက်မှတ်ကို လက်ခံရရှိနိုင်ပါမည်။  

အသုံးပြုသူများသည် အသိပညာမျှဝေရန် လေ့လာသင်ယူသူအချင်းချင်း ဆက်သွယ်နိုင်ပြီး ၎င်းတို့၏ ပရော်ဖက်ရှင်နယ် ကွန်ရက်ကို တည်ဆောက်နိုင်ရုံသာမက လုပ်ငန်းဆိုင်ရာ အသိပညာဗဟုသုတများနှင့် နည်းပညာ အချက်အလက်အသစ်များကို  လေ့လာဆည်းပူးနိုင်ရန်အတွက် နောက်ဆုံးရ သတင်းဆောင်းပါးများကိုလည်း ပလက်ဖောင်းတွင် ရှာဖွေဖတ်ရှုနိုင်ပါသည်။  

ပလက်ဖောင်းတွင် ထပ်တိုး ဘာသာရပ်များဖြစ်သည့် ဆုံးရှုံးနိုင်ခြေစီမံခန့်ခွဲမှု၊ တာဝန်ယူမှုရှိသော စီးပွားရေး အလေ့အကျင့်ကောင်းများ၊ လုပ်ငန်းခွင် ကျား၊မ တန်းတူညီမျှမှု နှင့် အားလုံးပါဝင်နိုင်သော လုပ်ငန်းခွင်  အစရှိသည် တို့ကိုလည်း ထမ်မံ ထည့်သွင်းသွားမည်ဖြစ်ပါသည်။  

Adnan Cheema, UNDP Myanmar Deputy Resident Representative, delivers a speech at the portal's launch event in Yangon

UNDP မြန်မာ၏ ဒုတိယဌာနေကိုယ်စားလှယ် Adnan Cheema မှ သင်ကြားရေးပလက်ဖောင်း မိတ်ဆက်ပွဲတွင် အဖွင့်အမှာစကား ပြောကြားနေစဉ်

Impact Hub Yangon

‘’မြန်မာနိုင်ငံ စီးပွားရေးလုပ်ငန်းများရဲ့ ၉၀ ရာခိုင်နှုန်းကျော်ဟာ MSME တွေဖြစ်ပြီးတော့ သူတို့တွေကို တိုင်ပြည်စီးပွားရေးတိုးတက်မှုအတွက် အရေးပါတဲ့ အင်ဂျင် လို့တောင် ခေါ်ဝေါ် တင်စားနိုင်ပါတယ်။ သူတို့တွေဟာ လူတစ်ဦးချင်း၊ အိမ်ထောင်စုနဲ့ လူမှုအသိုင်းအဝိုင်းတွေမှာ အလုပ်အကိုင်နဲ့ ဝင်ငွေရရှိမယ့် အခွင့်အလမ်းတွေကို ဖန်တီးပေးနေတာပဲဖြစ်ပါတယ်။’’ ဟု UNDP ၏ ဒုတိယဌာနေကိုယ်စားလှယ် Adnan Cheema က သင်ကြားရေးပလက်ဖောင်း စတင်မိတ်ဆက်ပွဲ အခမ်းအနားတွင် ပြောကြားခဲ့သည်။  

‘’ဒါပေမယ့်လည်း စီးပွါးရေးအကျပ်အတည်းနဲ့ ကမ္ဘာ့ကပ်ရောဂါရဲ့ သက်ရောက်မှုတွေကြောင့် မြန်မာ MSME တွေဟာ စိန်ခေါ်မှုအများကြီးနဲ့ ရင်ဆိုင်နေရပါတယ်။ အများစုဟာ ဆက်လက်ရပ်တည်ဖို့ ရုန်းကန်နေကြရပြီး ခံနိုင်ရည်အား တည်ဆောက်ဖို့နဲ့ စီးပွားရေးတွေတိုးချဲ့ဖို့ အရင်းအမြစ်တွေကတော့ ချို့တဲ့နေတုန်းပဲ ဖြစ်ပါတယ်။’’  

‘’အဲဒီစိန်ခေါ်မှုတွေကို ထိထိရောက်ရောက် ဖြေရှင်းနိုင်ဖို့ အရေးကြီးတာတစ်ခုကတော့ လုပ်ငန်းပိုင်းဆိုင်ရာအတွက် ပညာရေးနဲ့ လေ့ကျင့်သင်ကြားပေးမှုတို့ပဲ ဖြစ်ပါတယ်။ အခုဘာသာရပ်တွေကို ပလက်ဖောင်းပေါ်မှာ အခမဲ့လေ့လာနိုင်အောင် လုပ်ဆောင်ပေးခြင်းအားဖြင့် UNDP Myanmar အနေနဲ့ လူတိုင်းအတွက် စီးပွားရေးပညာများ အလွယ်တကူ ရရှိဆည်းပူးနိုင်စေဖို့ ရည်ရွယ်ပါတယ်’’ ဟု ထပ်လောင်းပြောကြားခဲ့သည်။

သင်ယူနိုင်မည့် မတူညီသော ဘာသာရပ်သင်တန်းများ(link is external) ကို လေ့လာ၍ MSME တွေအတွက် E-learning Portal ကို စတင်အသုံးပြုနိုင်ရန် ယနေ့ပဲ အခမဲ့အကောင့်ဖွင့်ပြီး စာရင်းသွင်းနိုင်ပါပြီ(link is external)။ ပလက်ဖောင်းနှင့် ပက်သက်ပြီး နောက်ဆုံးရ သတင်းများကိုလည်း   Facebook(link is external)LinkedIn(link is external) နှင့် Viber(link is external) ချန်နယ်များတွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။