Nay Pyi Taw – The Government of Myanmar today announced its vision for the country’s environmental protection and climate action, launching two new policies that will guide Myanmar’s environmental management and climate change strategy.
နေပြည်တော် - မြန်မာနိုင်ငံတော်အစိုးရသည် ယနေ့တွင် နိုင်ငံ၏ ပတ်ဝန်းကျင်ဆိုင်ရာ ထိန်းသိမ်းကာကွယ်မှုများနှင့် ရာသီဥတုပြောင်းလဲမှုအပေါ် လုပ်ငန်းစဉ်များ၌ ၎င်းတို့၏ မျှော်မှန်းချက်များကို ကြေငြာခဲ့ပြီး မြန်မာနိုင်ငံ၏ ပတ်ဝန်းကျင်ဆိုင်ရာ စီမံခန့်ခွဲမှုနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ မဟာဗျူဟာတို့အပေါ် လမ်းညွှန်ပေးနိုင်မည့် မူဝါဒအသစ် (၂) ခုကို အတည်ပြု ထုတ်ပြန် ကြေငြာခဲ့ပါသည်။
ကမ္ဘာတစ်ဝန်း၌ မြန်မာနိုင်ငံသည် ရာသီဥတု ပြောင်းလဲမှု၏ ဆိုးကျိုးသက်ရောက်မှုကို ထိခိုက်ခံစားလွယ်ဆုံး နိုင်ငံများတွင် တစ်ခုအပါအဝင်ဖြစ်ပြီး နိုင်ငံဖွံ့ဖြိုးလာသည်နှင့်အမျှ ဇီဝမျိုးစုံ မျိုးကွဲများ၊ သဘာဝ သယံဇာတများ ထုတ်ယူသုံးစွဲမှု မြင့်တက်လျက်ရှိပါသည်။ ထို့အပြင် ရေကြီးရေလျှံမှုများ၊ ဆိုင်ကလုန်းမုန်တိုင်းများနှင့် မိုးခေါင်ရေရှားမှုများသည် မကြာခဏ ပြင်းထန်စွာဖြစ်ပေါ်ခြင်းကြောင့် စီးပွားရေး ကျဆင်းမှုမျးာ၊ လူနေမှု အခြေခံ အဆောက်အဦများ ပျက်စီးမှုကြောင့် အသက်အန္တရာယ် ဆုံးရှုံးမှုများ တိုးပွားဖြစ်ပေါ်လျက်ရှိပါသည်။
မြန်မာနိုင်ငံတော် သမ္မတ ဦးဝင်းမြင့်သည် နေပြည်တော်၌ ကျင်းပပြုလုပ်သည့် ကမ္ဘာ့ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အခမ်းအနားတွင် အမျိုးသားအဆင့် ပတ်ဝန်းကျင်ဆိုင်ရာ မူဝါဒနှင့် မြန်မာနိုင်ငံ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ မူဝါဒကို ထုတ်ပြန်ကြေငြာခဲ့ပါသည်။ အဆိုပါ အခမ်းအနားသို့ ဥရောပ သမဂ္ဂ သံအမတ်ကြီး၊ ခေတ္တ ကုလသမဂ္ဂ ဌာနေ ညှိနှိုင်းရေးမှူးနှင့် နိုင်ငံတကာ အဖွဲ့အစည်းများ၊ လူမှုအဖွဲ့အစည်းများ၊ ပညာရေးဆိုင်ရာ သင်တန်းကျောင်းများ၊ စီးပွားရေးလုပ်ငန်းများမှ ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး/ပြည်နယ် အစိုးရနှင့် ပြည်ထောင်စုဝန်ကြီးဌာန အသီးသီးမှ အဆင့်မြင့် အစိုးရအရာရှိကြီးများ စုစုပေါင်း ၄၀၀ ဦးခန့် တက်ရောက်ခဲ့ကြပါသည်။
သမ္မတ ဦးဝင်းမြင့်က မြန်မာနိုင်ငံ အမျိုးသားပတ်ဝန်းကျင်ရေးရာ မူဝါဒ၊ မြန်မာနိုင်ငံ ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ မူဝါဒ၊ မဟာဗျူဟာနှင့် ပင်မလုပ်ငန်းအစီအစဉ်တို့ကို ယနေ့ ထုတ်ပြန်နိုင်ခဲ့သည့်အတွက် များစွာ ဂုဏ်ယူမိပါကြောင်း၊ ဖော်ပြပါ မဟာဗျူဟာနှင့် ပင်မလုပ်ငန်းအစီအစဉ်တို့ကို ရေတို/ရေရှည် ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်များ၊ ရင်းနှီးမြုပ်နှံမှုလုပ်ငန်းများ စသည့် ကဏ္ဍအသီးသီး၌ လက်တွေ့ကျကျပေါင်းစပ်၍ ထိထိရောက်ရောက် အကောင်အထည်ဖော်သွားကြရန် အလေးအနက်ထား ပြောကြားလိုပါကြောင်း၊ လက်ရှိ ထုတ်ပြန်ပြဌာန်းပြီးဖြစ်သည့် ပတ်ဝန်းကျင်နှင့် ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ မူဝါဒ၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများနှင့် လမ်းညွှန်ချက်များ၊ စည်းမျဉ်းစည်းကမ်းများကို သက်ဆိုင်ရာ ဝန်ကြီးဌာန၊ မြို့ပြအဖွဲ့အစည်းများ၊ ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းရှင်များ၊ ပညာရှင်များ၊ ကျောင်းသူ/ကျောင်းသားများ၊ ပြည်သူများအနေဖြင့် သိရှိနားလည်နိုင်ရန်၊ မိမိတို့၏ ကဏ္ဍအလိုက် ဖွံ့ဖြိုးမှု စီမံကိန်းများ၊ ရင်းနှီးမြုပ်နှံမှု လုပ်ငန်းများနှင့် ရေရှည်ဖွံ့ဖြိုးရေး လုပ်ငန်းအသီးသီး၌ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှု လျှော့ချရေး လုပ်ငန်းစဉ်များကို ထည့်သွင်းပေါင်းစပ်ပြီး အလေးထား အကောင်အထည်ဖော် ဆောင်ရွက်သွားရန်နှင့် နိုင်ငံတကာ၌ အောင်မြင်နေသည့် နည်းပညာ၊ အတွေ့အကြုံများအပေါ် အခြေခံပြီး သဘာဝ ဂေဟစနစ်နှင့် သယံဇာတများ ရေရှည်တည်တံ့ရေး၊ မှန်လုံအိမ် ဓာတ်ငွေ့လျှော့ချရေးနှင့် လေထုညစ်ညမ်းမှု ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများကို စနစ်တကျ စီမံ ဆောင်ရွက်သွားခြင်းဖြင့် ရေရှည်တည်တံ့ပြီး စီးပွားရေး၊ လူမှုရေး၊ ပတ်ဝန်းကျင် ဟန်ချက်ညီသည့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုအတါက် အာမခံချက် ရရှိနိုင်လိမ့်မည်ဟု အပြည့်အဝ ယုံကြည်ပါကြောင်း မြန်မာနိုင်ငံသူ/နိုင်ငံသားများ အနေဖြင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးကို အထောက်အကူဖြစ်စေမည့် မိမိတို့၏ နေ့စဉ် ပြုမှုနေထိုင်မှု ပုံစံများကို ပြုပြင်ပြောင်းလဲ၍ မြန်မာနိုင်ငံ၏ အမျိုးသား အကျိုးစီးပွား ရေရှည် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးကြစေလိုပါကြောင်း တိုက်တွန်း ပြောကြားခဲ့ပါသည်။
အမျိုးသားအဆင့် ပတ်ဝန်းကျင်ဆိုင်ရာ မူဝါဒနှင့် မြန်မာနိုင်ငံ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ မူဝါဒ၊ မဟာဗျူဟာနှင့် ပင်မလုပ်ငန်းအစီအစဉ်များ၏ မျှော်မှန်းချက်များ အပြည့်အဝ ရရှိနိုင်ရန် နိုင်ငံအဆင့်၊ တိုင်းဒေသကြီး ပြည်နယ်အဆင့်နှင့် ကျေးလက်ဒေသအဆင့်တို့မှ ဆက်စပ်ပတ်သက်သူများ အားလုံးနှင့် နိုင်ငံတကာ အသိုက်အဝန်းများ အနေဖြင့် အတူတကွ လက်တွဲပါဝင် ဆောင်ရွက်ကြရန် လိုအပ်ပြီး သက်ဆိုင်ရာ ကဏ္ဍအသီးသီးရှိ ဖွံ့ဖြိုးမှု စီမံချက်များ၊ ရေတိုရေရှည် လုပ်ငန်းစဉ်များ ထည့်သွင်းပေါင်းစပ် အကောင်အထည်ဖော် ဆောင်ရွက်ပြီး အဖွဲ့အစည်း အသီးသီးမှ ပူးပေါင်း တာဝန်ယူ ဆောင်ရွက်ပေးကြရန် အလေးအနက် တိုက်တွန်း ပြောကြားခဲ့ပါသည်။ ထို့အပြင် ရာသီဥတုပြောင်းလဲမှု၊ လေထုညစ်ညမ်းမှုတို့ကြောင့် ဖြစ်ပေါ်လာသည့် စိန်ခေါ်မှုများကို ကဏ္ဍအသီးသီး၊ အဖွဲ့အစည်း အသီးသီး၊ ပုဂ္ဂလိကကဏ္ဍနှင့် ပြည်သူ့ကဏ္ဍ အသီးသီးရှိ ဆက်စပ်ပတ်သက်သူများနှင့် နိုင်ငံသူ/နိုင်ငံသားအားလုံး ပူးပေါင်း ဖြေရှင်း ဆောင်ရွက်မှုသည် မြန်မာနိုင်ငံအတွက် ရေရှည် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုကို ရရှိပိုင်ဆိုင်နိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
မူဝါဒ (၂) ရပ် ချမှတ်နိုင်ခြင်းကြောင့် မြန်မာနိုင်ငံ အနေဖြင့် ရာသီဥတု ပြင်းထန်စွာ ပြောင်းလဲမှုများနှင့် အခြားသော ရာသီဥတုပြောင်းလဲမှု၏ ဆိုးကျိုးသက်ရောက်မှုများ တိုးမြှင့်လာခြင်းသည် နိုင်ငံ၏ စီးပွားရေးနှင့် လူမှုဖွံ့ဖြိုးတိုးတက်မှုအပေါ် ခြိမ်းခြောက်နိုင်သည်ကို ရှင်းလင်းစွာ သိမြင်လာနိုင်၍ မြန်မာနိုင်ငံကို ရာသီဥတုပြောင်းလဲမှုဒဏ် ခံနိုင်ရည်ရှိပြီး ကာဗွန်ထုတ်လွှတ်မှု လျော့နည်းသော ရေရှည်တည်တံ့ပြီး ကြွယ်ဝချမ်းသာမှုရှိကာ အားလုံး ပါဝင်နိုင်သော နိုင်ငံအသွင်သို့ ပြောင်းလဲနိုင်မည့် ရည်မှန်းချက်များကို ချမှတ်နိုင်မည်ဖြစ်ပါသည်။
မူဝါဒ (၂) ရပ် ချမှတ်နိုင်ခဲ့ခြင်းသည် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၏ ဦးဆောင်မှု၊ UNDP နှင့် မြန်မာနိုင်ငံ ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ အစီအစဉ် (Myanmar Climate Change Alliance – MCCA) တို့၏ နည်းပညာအကူအညီ၊ ဥရောပသမဂ္ဂ၏ ရန်ပုံငွေ အထောက်အပံ့နှင့် ကုလသမဂ္ဂ ပတ်ဝန်းကျင် အစီအစဉ် (United Nations Environment) နှင့် ကုလသမဂ္ဂ အခြေချ နေထိုင်မှု အစီအစဉ် (United Nations Habitat) တို့၏ နည်းပညာပံ့ပိုးမှုများဖြင့် ၅ နှစ်တာကာလ ကြိုးစားမှုများ၏ အောင်မြင်မှု အသီးအပွင့်များ ဖြစ်ပါသည်။
ဥရောပသမဂ္ဂ သံအမတ်ကြီး Kristin Schmidt က “မိမိတို ဥရောပသားများအနေဖြင့် အတိတ်ကာလ၌ အမှားများစွာ ပြုလုပ်ခဲ့သော်လည်း ယခုအချိန်၌ ပြောင်းလဲသင့်သည်မျာကို သိမြင်ပြီး မူဝါဒများနှင့် နည်းပညာများကို ချမှတ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ လက်ရှိတွင် မိမိတို့အနေဖြင့် မှန်လုံအိမ် ဓာတ်ငွေ့ထုတ်လွှတ်မှုအများဆုံးနိုင်ငံ မဟုတ်တော့ကြောင်း၊ သိပ္ပံပညာ သို့မဟုတ် လက်တွေ့ဖြစ်ပျက်နေမှုများကို ပစ်ပယ်သွားမည် မဟုတ်ပါကြောင်း၊ အရေးကြီး ကိစ္စရပ်များကို ဖြေရှင်းနိုင်ရေးအတွက် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုများကို ရှာဖွေဆောင်ရွက်လျက် ရှိပါကြောင်း၊ လက်တွဲဆောင်ရွက်လျက်ရှိသည့် ကျွန်ုပ်တို အလေးထားသည့် မြန်မာနိုင်ငံသည်လည်း ဥရောပ သမဂ္ဂ အဖွဲ့အစည်းအား သက်တမ်းတလျှောက်တွင် ကြုံတွေ့နိုင်သည့် အကြီးမားဆုံး ဆိုးကျိုးများကို ဖြေရှင်းနိုင်ရန် ရည်မှန်းချက်ရှိပြီး အားထားရသည့် အဖွဲ့အစည်းအဖြစ် ယုံကြည်စေလိုပါကြောင်း ပြောကြားခဲ့ပါသည်။
မူဝါဒ စည်းမျဉ်းများအနက် ပတ်ဝန်းကျင်ဆိုင်ရာ စီမံခန့်ခွဲမှုအပေါ် အစိုးရ၏ ဆုံးဖြတ်ချက်များကို လမ်းညွှန်နိုင်သည့် စည်းမျဉ်းများသည် ကျန်းမာကောင်းမွန်၍ စွမ်းရည်ရှိသော ဂေဟစနစ်များနှင့် စီးပွားရေးနှင့် လူမှုဖွံ့ဖြိုးတိုးတက်မှုတို့ကို ရေရှည်တည်တံ့စေနိုင်ရန် ရည်မှန်းချက်များဖြစ်ပါသည်။ ယခု မူဝါဒအသစ် နှစ်ခုသည် ဖွံ့ဖြိုးတိုးတက်မှု အစီအစဉ်များ အထူးသဖြင့် အစိုးရအနေဖြင့် မကြာသေးမီက အတည်ပြုခဲ့သည့် မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်း (MSDP) တွင် ပတ်ဝန်းကျင်ဆိုင်ရာ ဆောင်ရွက်မှုများကို ပေါင်းစပ်ဆောင်ရွက်ရန် လိုအပ်ပါသည်။
အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ ကုလသမဂ္ဂ ပတ်ဝန်းကျင် အစီအစဉ်၏ ဒေသအဆင့် ညွှန်ကြားရေးမှူးဖြစ်သူ Ms. Dechen Tsering က ယခု ချမှတ်ပြဋ္ဌာန်းလိုက်သည့် မူဝါဒအသစ်များသည် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု ရရှိနိုင်ရေးနှင့် ရာသီဥတု ပြောင်းလဲမှုကို တုံ့ပြန်ဖြေရှင်းနိုင်မည့် အရင်းအမြစ်များ တိုးမြှင့်ဆောင်ရွက်နိုင်ရေးတို့အတွက် အထောက်အပံ့ကောင်းများ ဖြစ်ပါကြောင်း၊ နိုင်ငံအများအပြားမှ မြန်မာနိုင်ငံ၏ သဘာဝအရင်းအမြစ် ကြွယ်ဝမှုအပေါ် နှစ်လိုမှုနှင့် နိုင်ငံ၏ အလားအလာအပေါ် နားလည်သဘောပေါက်လာခြင်းသည် မြန်မာနိုင်ငံမှ ပတ်ဝန်းကျင်ကို ကောင်းမွန်စာ ကာကွယ် စီမံခန့်ခွဲခြင်းဟု ဆိုလိုနိုင်ပါကြောင်း၊ ကုလသမဂ္ဂ ပတ်ဝန်းကျင်အနေဖြင့် မြန်မာနိုင်ငံ၏ ယခုကဲ့သို့ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ကြိုးပမ်းဆောင်ရွက်မှုများအပေါ် ဆက်လက် ပံ့ပိုးကူညီသွားမည် ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။
ကုလသမဂ္ဂ ဖွံ့ဖြိုးတိုးတက်မှုအစီအစဉ်၊ မြန်မာနိုင်ငံ ဌာနေကိုယ်စားလှယ် Mr. Peter Batchelor က ဤ အရေးပါလှသော မူဝါဒအသစ်များမှ ပတ်ဝန်းကျင်နှင့် မြန်မာပြည်သူပြည်သားများအပေါ်ကို အထောက်အပံ့ကောင်းများ ပေးမည့် မျှော်မှန်းျက်များကို မြင်တွေ့ရချိန်တွင် မြန်မာနိုင်ငံ၏ အနာဂတ်ကာလမှာ ထွန်းလင်းတောက်ပနေပါကြောင်း၊ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုရရှိရေးအတွက် မြန်မာနိုင်ငံအစိုးရ၏ ဆက်လက်ဆောင်ရွက်သွားမည့် ကတိကဝတ်များနှင့် အမျိုးသားအဆင့် ပတ်ဝန်းကျင်ဆိုင်ရာ မူဝါဒ ရေးဆွဲမှုတို့တါင် ပံ့ပိုးကူညီပေးခဲ့ရမှုအပေါ် UNDP အနေဖြင့် ဂုဏ်ယူရသကဲ့သို့ မြန်မာနိုင်ငံအစိုးရအား ချီးကျုးထောပနာပြုပါကြောင်း၊ ကျွန်ုပ်တို့အနေဖြင့် အစိုးရနှင့် အခြား ဖွံ့ဖြိုးမှု မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ယခုမူဝါဒအသစ်များ အကောင်အထည်ဖော်မှုနှင့် စပ်လျဉ်း၍ ဆက်လက်ပံ့ပိုး ကူညီသွားမည် ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။
ကုလသမဂ္ဂ အခြေချနေထိုင်မှု အစီအစဉ်၏ Country Program Manager ဖြစ်သူ Mr. Bijay Karmacharya က ရာသီဥတုပြောင်းလဲမှုဆိုင်ရာ မူဝါဒ၊ မဟာဗျူဟာနှင့် ပင်မလုပ်ငန်းအစီအစဉ်များ ချမှတ် ပြဋ္ဌာန်းလိုက်ပြီဖြစ်သည့်အတွက် ယခု အကောင်အထည်ဖော် ဆောင်ရွက်ရမည့် ကာလသို့ ရောက်ရှိလာပြီဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ စိန်ခေါ်မှုများကို ညီညီညွတ်ညွတ် စုပေါင်းတိုက်ဖျက်နိုင်မည့် လုပ်ငန်းအစီအစဉ်များအတွက် အဆင်သင့် ဖြစ်နေပြီဖြစ်ပါကြောင်း၊ ထိုသို့ ဆောင်ရွက်နိုင်ရန် အဆိုပါ လုပ်ငန်းအစီအစဉ်များအား ဆက်စပ်ဝန်ကြီးဌာနများ၏ နှစ်အလိုက် စီမံချက်များနှင့် ရန်ပုံငွေ လျာထားချက်တို့တွင် ထည့်သွင်း ပေါင်းစပ်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
နှစ်စဉ် ကမ္ဘာတစ်ဝှမ်း ကျင်းပပြုလုပ်သည့် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အခမ်းအနား၌ ယနေ့ မူဝါဒအသစ်များ ချမှတ်ပြဋ္ဌာန်းကြောင်း ကြေငြာခြင်းကို ပြုလုပ်ခဲ့ခြင်းဖြစ်ပါသည်။ နှစ်စဉ် လူဦးရေ ၇ သန်း၏ အသက်ပေါင်းများစွာကို ခြိမ်းခြောက်လျက်ရှိသည့် ရာသီဥတုပြောင်းလဲမှုအပေါ် တိုက်ရိုက် သက်ရောက်မှုရှိသည့် လေထုအတွင်း ညစ်ညမ်းပစ္စည်းများ လျှော့ချရန်တိုက်တွန်းထားသည့် “လေထုညစ်ညမ်းမှု တိုက်ဖျက်စို့” ဟူသည့် ယခုနှစ် ဆောင်ပုဒ်အပေါ် မြန်မာနိုင်ငံ၏ မူဝါဒအသစ်များက အထောက်အပံ့ဖြစ်စေပါသည်။ အဆိုပါ ဘေးအန္တရာယ်ကို မြန်မာနိုင်ငံအနေဖြင့်လည်း မလွဲမသွေ ကြုံတွေ့ပြီး ဖြစ်ပါသည်။ ကလေးငယ်များ သေဆုံးမှု၏ ၆၂ ရာခိုင်နှုန်းသည် အခန်းတွင်း လေထု ညစ်ညမ်းမှုကြောင့် ဖြစ်ပေါ်သော အသက်ရှုလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါကြောင့် ဖြစ်ပါသည်။ မှန်လုံအိမ် ဓာတ်ငွေ့များနှင့်အတူ လေထုအတွင်း ထုတ်လွှတ်လိုက်သည့် ရာသီဥတု ပြောင်းလဲမှုအပေါ် သက်ရောက်နိုင်သော လေထုညစ်ညမ်းမှု ပစ္စည်းများ လျှော့ချမည့် အစီအစဉ်များကို လမ်းညွှန်ထားသည့် အမျိုးသားအဆင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေး မူဝါဒနှင့် ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ မူဝါဒတို့သည် အဆိုပါ စိန်ခေါ်မှုများ ဖြေရှင်းရာတွင် အဓိက ပံ့ပိုးကူညီနိုင်လိမ့်မည် ဖြစ်ပါသည်။
အယ်ဒီတာများ လေ့လာရန်
မြန်မာနိုင်ငံ ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်
ရာသီဥတုပြောင်းလဲမှုကြောင့် ဖြစ်ပေါ်လာသော စိန်ခေါ်မှုများကို ဖြေရှင်းနိုင်ရေးအတွက် မြန်မာနိုင်ငံ အစိုးရကို ပံ့ပိုးကူညီရန် မြန်မာနိုင်ငံ ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်ကို ၂၀၁၃ ခုနှစ်မှ ၂၀၁၉ ခုနှစ် မတ်လ ၃၁ ရက်နေ့အထိ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါ အစီအစဉ်သည် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာန၏ ကနဦး အစပျိုး ဆောင်ရွက်မှုတစ်ရပ် ဖြစ်ပါသည်။ အဆိုပါ အစီအစဉ်ကို ကုလသမဂ္ဂ၏ ကမ္ဘာလုံးဆိုင်ရာ ရာသီဥတု ပြောင်းလဲမှု ပူးပေါင်းဆောင်ရွက်မှုအစီအစဉ်မှ ယူရို ၃.၉ သန်း ရန်ပုံငွေ ပံ့ပိုးခဲ့ပြီး ကုလသမဂ္ဂ အခြေချနေထိုင်ရေး အစီအစဉ်နှင့် ကုလသမဂ္ဂ ပတ်ဝန်းကျင် အစီအစဉ်တို့မှ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါသည်။ အဓိက ရည်ရွယ်ချက်မှာ ရာသီဥတုပြောင်းလဲမှုကို မြန်မာနိုင်ငံ၏ မူဝါဒပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုနှင့် ပြုပြင်ပြောင်းလဲရေး အစီအစဉ်များတွင် ပေါင်းစပ် အကောင်အထည်ဖော်ရန်ဖြစ်ပြီး အဆိုပါ အစီအစဉ်၏ ကြိုးပမ်းအားထုတ်မှု တိုက်ရိုက်ရလဒ်တစ်ခုမှာ မြန်မာနိုင်ငံ ရာသီဥတု ပြောင်းလဲမှု မူဝါဒ၊ မြန်မာနိုင်ငံ ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ မဟာဗျူဟာနှင့် ပင်မလုပ်ငန်းအစီအစဉ်တို့ ဖြစ်ပါသည်။ အဆိုပါ အစီအစဉ်၏ ဒုတိယမြောက်အဆင့်ကို လာမည့်နှစ်တွင် စတင် အကောင်အထည်ဖော်မည်ဖြစ်သည်။
Website: http://myanmarccalliance.org Facebook: Facebook.com/myanmarccalliance Twitter: Twitter.com/Myanmar_cca
ဆက်သွယ်ရန် လိပ်စာ
- သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန
ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ ဌာနခွဲ
ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဦးစီးဌာန
climatechange.ecd@gmail.com
- မြန်မာနိုင်ငံရှိ ဥရောပသမဂ္ဂ၏ ကိုယ်စားလှယ်တော်များ
Suvi Rivinoja
Press and Information Officer
Phone: +95 (0)1 230 56 50
Email: suvi.rivinoja@ext.eeas.europa.eu - ကုလသမဂ္ဂ အခြေချနေထိုင်မှု အစီအစဉ်
Shashank Mishra
ဘေးအန္တရာယ်ဆိုင်ရာ လျှော့ချမှု အစီအစဉ်ဆိုင်ရာ မန်နေဂျာ
ကုလသမဂ္ဂ အခြေချနေထိုင်မှု အစီအစဉ် ရန်ကုန်ရုံးခွဲ၊ မြန်မာနိုင်ငံ
Phone : +95-9454198434
Email : shashank.unhabitat@gmail.com
- ကုလသမဂ္ဂပတ်ဝန်းကျင် အစီအစဉ်
Nina Raasakka
စီမံကိန်းအရာရှိ၊ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ အစီအစဉ်
အာရှနှင့် ပစိဖိတ်ရုံးခွဲ၊ ဘန်ကောက်၊ ထိုင်းနိုင်ငံ
Phone: +66 22 88 1471
Email: raasakka@un.og - ကုလသမဂ္ဂဖွံ့ဖြိုးမှု အစီအစဉ်
Martin Cosier
စီမံကိန်းမန်နေဂျာနှင့် နည်းပညာအကြံပေး
ရာသီဥတုပြောင်းလဲမှုဒဏ် ခံနိုင်ရည်ရှိမှုနှင့် ရေရှည်တည်တံ့မှု စီမံကိန်း
ကုလသမဂ္ဂဖွံ့ဖြိုးမှု အစီအစဉ်၊ ရန်ကုန်၊ မြန်မာ
Phone : +95-9793947233
Email : martin.cosier@undp.org