အင်းလေးကန်အတွင်း အသက်မွေးဝမ်းကျောင်းလုပ်ငန်းများနှင့် သဘာဝပတ်ဝန်းကျင်အား ထိန်းသိမ်းစောင့်ရှောက်ခြင်း

2019- November 14

မြန်မာနိုင်ငံ၏ ဒုတိယအကြီးဆုံး ရေကန်ဖြစ်သည့် အင်းလေးကန်မှာ သစ်တောပြုန်းတီးခြင်း ၊ ပတ်ဝန်းကျင် ညစ်ညမ်းခြင်း ၊ ရေရှည်တည်တံ့မှုမရှိသော စိုက်ပျိုးရေး နှင့် ခရီးသွားလုပ်ငန်းတို့ကြောင့် ခြိမ်းခြောက်မှုများနှင့် ရင်ဆိုင်နေရသည်။


မိသားစုဝင် ၅ ဦးကို အဓိကလုပ်ကိုင်ကျွေးမွေးနေရသော ကိုသန်းထွန်းအား အစဉ်ခြောက်လှန့်နေသည့် အကြောက်တရားမှာ အင်းလေးကန် ခန်းခြောက်သွားနိုင်သည့်အရေးပင် ဖြစ်သည်။ သူသည် လှေသမားအဖြစ် လုပ်ကိုင်လာသည်မှာ ၂၅ နှစ်ကျော်ခဲ့ပြီ ဖြစ်သည်။ သူ၏လှေ ကြမ်းပြင်နှင့် ထိသည်အထိ ကန်ရေလျော့ကျသွားသည့် အတွက် လွန်ခဲ့သည့် ၂ နှစ်ကမှသာ ဖယ်ခုံကန်မှ ပြောင်းရွှေ့လာခဲ့ရခြင်းဖြစ်သည်။

ရမ်ဆာထိန်းသိမ်းရေးနယ်မြေ (Ramsar site) နှင့် UNESCO အသိအမှတ်ပြုထားသော လူသား နှင့် ဇီဝအဝန်းအဝိုင်း ထိန်းသိမ်းရေး နယ်မြေအဖြစ် စာရင်းသွင်းခံထားရသည့် အင်းလေးကန်မှာ မြန်မာနိုင်ငံ၏ ဒုတိယအကြီးဆုံး ကန် ဖြစ်သည်။ ကျေးငှက် နှင့် ငါးမျိုးစိတ် ဇီဝမျိုးစုံမျိုးကွဲများကို လက်ခံထားသည်မှာ ကြာမြင့်လှပြီဖြစ်သည်။ သစ်တောပြုန်းတီးခြင်း ၊ ပတ်ဝန်းကျင် ညစ်ညမ်းခြင်း ၊ ရေရှည်တည်တံ့မှုမရှိသော စိုက်ပျိုးရေးနှင့် ခရီးသွား လုပ်ငန်းများကြောင့် ခြိမ်းခြောက်မှုများနှင့် ရင်ဆိုင်နေရသည်။

“ကျွန်တော့်အသက်မွေးဝမ်းကျောင်းက ဒီကန်နဲ့ ဆက်နေပါတယ်။ တခြားကန်တွေ ကန်ရေကျဆင်းလာမှုရဲ့ အကျိုးသက်ရောက်မှုတွေကို မျက်မြင်ကြုံခဲ့ရတော့ ဒီကန်ရဲ့ ရှေ့ရေးအတွက်လည်း ကျွန်တော် စိုးရိမ်ပူပန်မိ ပါတယ်။ တောင်ပေါ်မှာ သစ်ခုတ်တာကို မရပ်ကြတဲ့အတွက် မိုးရွာတဲ့အခါတိုင်း ချောင်းဦးချောင်းဖျားက ရွှံနွံတွေဟာ ကန်ထဲ စီးဝင်လာပါတယ်” ဟု ကိုသာထွန်းကဆိုသည်။ “ကျွန်တော်တို့ရဲ့ အသက်နဲ့ခန္ဓာ တွေမြဲစေဖို့ အင်းလေးကန် အဓွန့်ရှည်အောင် ထိန်းသိမ်းနိုင်ရေးအတွက် ကျွန်တော်တို့ တခုခုလုပ်သင့်ပါတယ်။”

“ကျွန်တော့် အသက်မွေးဝမ်းကျောင်းက ဒီကန်နှင့် ဆက်နေပါတယ်” ဟု ကိုသာထွန်းက ဆိုသည်။


အသက်မွေးဝမ်းကျောင်းအတွက် ရေတိမ်ဒေသထွက် သယံဇာအပေါ် မှီခိုနေကြရသော ကိုသာထွန်းနှင့် ဘဝတူ အင်းသား ထောင်ပေါင်းများစွာ ရှိသည်။

အင်းလေးကန်တွင်း အင်းသားကျေးရွာများရှိပြီး အင်းသားတို့၏ ကျွန်းမျောဥယျာဉ်ခြံများမှာ ခရီးသွားများအား ဆွဲဆောင်လျက် ရှိသည်။ သို့သော် လတ်တလောနှစ်များအတွင်း ဓာတုပိုးသတ်ဆေးများ စနစ်တကျမရှိ သုံးစွဲမှုကြောင့် ရေထု ညစ်ညမ်းစေခဲ့သည်။ “ကျွန်မတို့မှာ ပိုးသတ်ဆေးသုံးရုံကလွဲလို့ တခြားရွေးစရာ မရှိကြဘူး။ ဒီမှာတွေ့ကြတဲ့အတိုင်း အင်းဆက်ပိုးမွှားတွေများလွန်းလို့ ကျွန်မတို့ ပိုးသတ်ဆေးမှမသုံးရင် ခရမ်းချဉ်ပင်တွေ မရှင်နိုင်ဘူး။” ဟု ခရမ်းချဉ်စိုက်တောင်သူ ဒေါ်ခင်ထွေးက ပြောသည်။

အလားတူ အရေးကြီးသည့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စိုးရိမ်ဖွယ်ရာမှာ ဗေဒါပင် နှင့် ခရု ကဲ့သို့ ကျူးကျော် ဝင်ရောက်လာသော မျိုးစိတ်များ ပွါးများလာစေသည့် ချောင်းဖျားရှိ စိုက်ခင်းများမှ စီးဝင်လာသော ညစ်ညမ်းရေများနှင့် သက်ဆိုင်သည်။

သူနှင့် လယ်စိုက်ဖော် လယ်စိုက်ဖက်များက ဓာတ်မြေဩဇာများကို သုံးစွဲနေသည်မှာ ကြာမြင့်လှပြီဖြစ်ကြောင်း လယ်သမား ဦးမြင့်စိုးက ပြောသည်။ “စပါးက ကျွန်တော်တို့ရဲ့ အဓိကသီးနှံပေါ့။ အထွက်ပိုကောင်းအောင် ကျွန်တော်တို့ ဓာတ်မြေဩဇာတွေ သုံးရပါတယ်။”

၂၀၁၀ ခုနှစ်တွင် ဒေသတွင်း သမိုင်းတလျောက်အပြင်းထန်ဆုံး မိုးခေါင်ရေရှားမှုများ အနက်မှ တခုနှင့် ကြုံတွေ့ခဲ့ရ လေရာ အင်းလေးကန်ရေမှာ မှတ်တမ်းတင်လောက်အောင် နိမ့်ဆင်းသွားသည်။ ကျွန်းမျောဥယျာဉ်ခြံများနှင့် ခရီးသွား လုပ်ငန်းကို ဆိုးရွားစွာထိခိုက်စေခဲ့သည်။

လတ်တလောနှစ်များအတွင်း စပါးစိုက်ကွင်းများနှင့် ကျွန်းမျောဥယျာဉ်ခြံများတွင် ဓာတုပိုးသတ်ဆေး စနစ်တကျမရှိ သုံးစွဲမှုကြောင့် အင်းလေးကန်ရေ ညစ်ညမ်းခဲ့ရသည်။


စိုက်ပျိုးရေး ၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန လက်အောက်ရှိ ညောင်ရွှေမြို့နယ်ဆည်မြောင်းဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ကျော်ဦးက “ဒါက သတိပေးအချက်ပြသံပါပဲ” ဟု ဆိုသည်။ ဤမတော်တဆ ဖြစ်ရပ်ကြောင့် ဤကန်က လူထုအတွက် မည်မျှအရေးပါကြောင်းကို လူအများအား သိမြင် နားလည်စေခဲ့သည့် အပြင် UN Habitat ၏ အကူအညီဖြင့် အင်းလေးကန် ပြန်လည်တည်ထောင်ရေးနှင့် ထိန်းသိမ်းရေး ရေရှည်စီမံချက်ကို ရေးဆွဲရန် အစိုးရအား အစပျိုးနှိုးဆော်လိုက်သည်။

ရေတိမ်ဒေသအတွင်း ထိန်းသိမ်းကာကွယ်ရေး အစပျိုးလုပ်ဆောင်မှု အစုလိုက်လုပ်ငန်းကို သရုပ်ပြစီမံချက် အနေဖြင့် စတင်လိုက်စဉ် ၂၀၁၂ ခုနှစ်၌ UNDP က အင်းလေးကန်အား ထိန်းသိမ်းစောင့်ရှောက်ရန် အားဖြည့် ပါဝင် ခဲ့သည်။ သဘာဝပတ်ဝန်းကျင်အရည်အသွေးလျော့ကျမှု နဂိုအခြေပြန်ရောက်စေရန် နှင့် လူထု၏ ဘဝကို မြှင့်တင်ရန် ဖြစ်နိုင်ကြောင်းကို နော်ဝေးအစိုးရ၏ ရန်ပုံငွေအထောက်အပံ့ဖြင့် ဆောင်ရွက်သော ဤလုပ်ငန်း အစီအစဉ်က စင်တင်ပြသခဲ့သည်။ အင်းလေးကန်နေ အိမ်ထောင်စု ၉၅၀၀ ခန့်မှာ သဘာဝစိုက်ခင်း ၊ စွန့်ပစ်ပစ္စည်း စီမံခန့်ခွဲမှု ၊ ငါးလုပ်ငန်းစီစစ်ထိန်းချုပ်မှု ၊ အခြား ဂေဟ သဟဇာတ စိုက်ပျိုးရေးနည်းစနစ်များတွင် ပါဝင်ခဲ့ကြသည်။

အင်းလေးကန် ကျွန်းမျောဥယျာဉ်ခြံများအတွင်းရှိ ခရမ်းချဉ်စိုက်တောင်သူတစ်ဦးကို တွေ့ရစဉ်။


“ဒီလူထုလှုပ်ရှားမှုလှုပ်ရှားမှုကိုတစ်ဦးမကျန် ထောက်ခံခဲ့ကြတဲ့အတွက် ဘတ္ထရီရှော့ခ်ရိုက်ငါးဖမ်းတာကို ကျွန်တော်တို့ ရပ်တန့်နိုင်ခဲ့ပါတယ်” ရပ်ရွာလူထုခေါင်းဆောင် ဦးဇော်ဝင်းက ပြောသည်။

လှုပ်ရှားမှုဤလှုပ်ရှားမှုများအနက်မှ အချို့တွင် လက်ဆုပ်လက်ကိုင်ပြနိုင်သော ရလဒ်များ လျင်လျင်မြန်မြန် ပေါ်ထွက်ခဲ့သော်လည်း သဘာဝစိုက်ခင်းသို့ ပြောင်းလဲစိုက်ပျိုးခြင်း ကဲ့သို့သော လှုပ်ရှားမှုများမှာ ရေရှည်ပူးပေါင်းပါဝင်မှု လိုအပ်သည်။

လက်တွေ့၌ အရေးကြီးသော ရလဒ်ကောင်း အချို့ ရှိသော်လည်း လူဦးရေ ၁၆၀,၀၀၀ ကျော်ကို လက်ခံထားသည့် ရေတိမ်ဒေသတစ်ခုလုံးအား လွှမ်းခြုံနိုင်ရန် နှင့် တချိန်တည်း၌ လူမှုနိုင်ငံရေး ရှုပ်ထွေးခက်ခဲမှု အချို့ကို ဖြေရှင်း နိုင်ရေးအတွက် လုပ်ဆောင်ရန်များစွာကျန်ရှိသေးသည်။ အင်းလေးကန်တဝိုက်ရှိ တောင်ပေါ်နေ အခြားလူနည်းစု တိုင်းရင်းသားများပါမကျန် ပါဝင်စေရန်လိုအပ်သည်။

အင်းလေးကန်ကို ထိန်းသိမ်းစောင့်ရှောက်ရန် လူထု၏ လုပ်ဆောင်မှုများအနက်မှ တစ်ခုမှာ ငါးလုပ်ငန်း စီစစ်ထိန်းချုပ်မှုတွင် ပါဝင်ကြခြင်းဖြစ်သည်။

သဘာဝပတ်ဝန်းကျင် အရည်အသွေးနိမ့်ကျလာမှုကို နဂိုအခြေပြန်ရောက်စေရန် နှင့် ညီတူညီမျှဖြစ်၍ မျှတသော သယံဇာတနှင့် တာဝန် ခွဲဝေယူမှု သေချာစေရေး ဥပဒေသစ်တရပ်၏ မူကြမ်း ရေးဆွဲခြင်းကို နော်ဝေးနိုင်ငံ အစိုးရ ၏ ပံ့ပိုးမှုဖြင့် UNDP က ပြည်နယ်နှင့် ဒေသန္တရအစိုးရအဖွဲ့များနှင့်အတူ ၂၀၁၈ ဇူလိုင်လတွင် စတင်သည့် အစပျိုးလုပ်ဆောင်မှု အသစ်တရပ်အောက်မှ ဆောင်ရွက်လျက်ရှိသည်။

“ကျွန်တော်တို့ လစ်ဟင်းနေတာကတော့ လက်ရှိစိန်ခေါ်မှုတွေကို ပေါင်းစပ်မြှင့်တင်ခြင်းနည်းလမ်းနဲ့ ရင်ဆိုင်ဖြေရှင်းနိုင်မဲ့ ရေတိမ်ဒေသထိန်းသိမ်းစောင့်ရှောက်ရေးဥပဒေပါပဲ” ဟု ရှမ်းပြည်နယ်လွှတ်တော်အမတ် တဦးဖြစ်သူ ဦးခင်မောင်ဝင်းက ဆိုသည်။

စိုက်ပျိုးရေး ၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန လက်အောက်ရှိ ညောင်ရွှေမြို့နယ်ဆည်မြောင်းဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ကျော်ဦးမှာ ယင်းရေတိမ်ဒေသအတွင်းရှိ ရေစီးဆင်းမှု နှင့် အနည်အနှစ် ရွေ့လျားမှုများကို နှစ်ပေါင်းများစွာ လေ့လာခဲ့သော ကျွမ်းကျင်သူတဦးဖြစ်သည်။ ကန်၏သက်တမ်းမှာ အင်းလေးကန်တဝိုက်ရှိ လူထုအသိုက်အဝန်းများက သဘာဝရေအရင်းအမြစ်စနစ် (natural water system) ကို မည်သို့ စီမံခန့်ခွဲသည့်အပေါ် မူတည်သည်ဟု သူကဆိုသည်။ “ချောင်းမြောင်းတွေကို အင်းလေးကန်ဆီ တိုက်ရိုက်စီးဆင်းစေမယ်ဆိုရင် နုန်းတင်အနည်ထိုင်မှုဖြစ်စေပါလိမ့်မယ်။ ဒါကတော့ နုန်းတင်အနည်ထိုင်မှုကို ရပ်တန့်နိုင်အောင် ကျွန်တော်တို့ တည်ဆောက်ထားတဲ့ နုန်းတားတမံတွေထဲက တခုဖြစ်ပါတယ်။”

အင်းလေးကန်အတွင်းရှိ ကျွန်းမျောဥယျာဉ်ခြံများ


ဆည်တမံများကလည်း မြေအောက်ရေပြန်ဖြည့်ပေးပြီး လယ်သမားများအတွက် လက်ကိုင်အားထားပြုနိုင်သော ရေအရင်းမြစ်ကို ပံ့ပိုးပေးသည်။

“အင်းလေးကန် ထိန်းသိမ်းစောင့်ရှောက်ရေး နှင့် အင်းလေးကန်ဒေသရဲ့ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှု မြှင့်တင်အားပေးရေး ပြုလုပ်နိုင်ဖို့ နယ်မြေခံလူထု ၊ လွှတ်တော်အမတ်များရဲ့ တက်ကြွတဲ့ ခေါင်းဆောင်မှု နဲ့အတူ အင်းလေးကန် ထိန်းသိမ်းကာကွယ်ရေး ဥပဒေနဲ့အညီ ဖွဲ့စည်းလိုက်တဲ့ အင်အားကောင်းပြီး ထိရောက်တဲ့ အုပ်ချုပ်ရေးအဖွဲ့အစည်း တစ်ရပ်ကို လာမည့်နှစ်မတိုင်မီ အင်းလေးကန်အတွက် ရရှိလာစေဖို့ UNDP က မျှော်လင့်ပါတယ်။ အလွန်အရေးပါတဲ့ စီမံခန့်ခွဲမှုနည်းလမ်းကို အစပျိုးလုပ်ဆောင်နိုင်စေဖို့ ကျွန်တော်တို့အနေနဲ့ ရှေ့ဆက်ပံ့ပိုးပေးဖို့ စောင့်စားနေပါတယ်။” ဟု မြန်မာနိုင်ငံဆိုင်ရာ UNDP ဌာနေကိုယ်စားလှယ် ဂေါ်ဒန်ဂျွန်ဆန်က ဆိုသည်။

ထိုအခြေအနေများသည် ကိုသာထွန်းအတွက် သတင်းကောင်းများသာ ဖြစ်သည်။ ယခုနောက်ပိုင်းတွင် ခရီးသွားလုပ်ငန်း ကျဆင်းနေသည် ဆိုသော်လည်း သူ၏လှေလုပ်ငန်းမှာ ယခင်ထက်ပို၍ အားကောင်းစွာ တကျော့ပြန်လာမည်ဟု သူက အကောင်းဘက်မှ တွေးနေသည်။ “ခုလောလောဆယ် အင်းလေးကန်ကနေ စားရိတ်လောက်ရုံသာ ရတယ်ဆိုပေမဲ့ အနာဂါတ်အတွက် မျှော်လင့်ချက်ရှိပါတယ်။ ခရီးသွားတွေလည်း ပိုလာကြပြီး လုပ်ငန်းကိုင်ငန်းတွေလည်း အခြေအနေ ကောင်းလာကြမှာပါ။

နော်ဝေးနိုင်ငံအစိုးရ၏ ပံ့ပိုးမှုဖြင့် UNDP က ပြည်နယ်နှင့်ဒေသန္တရအစိုးရအဖွဲ့များနှင့်အတူ သဘာဝပတ်ဝန်းကျင် အရည်အသွေးနိမ့်ကျလာမှုကို နဂိုအခြေပြန်ရောက်စေရန် ဥပဒေသစ်တစ်ရပ်၏ မူကြမ်းရေးဆွဲ ဆောင်ရွက်လျက် ရှိသည်။


ဓာတ်ပုံ - UNDP မြန်မာ/Kamal Raj Sigdel