လွန်ခဲ့သောငါးနှစ်နီးပါးက ဒေါ်မြိုင်မြိုင်သန်းတို့မိသားစုသည် ကြေကွဲဖွယ် ဖြစ်ရပ်တစ်ခု ကြုံခဲ့ရ သည်။ ထိုအချိန်က ကျေးလက်ဒေသဖွံ့ဖြိုးရေး စီမံကိန်းရေးဆွဲမှုဆိုသည်ကို သူတို့မိသားစု မသိရှိခဲ့ ကြသလို သူတို့၏ဘဝအပေါ် မည်သို့ သက်ရောက်မှုရှိမည်ဆိုသည်ကိုလည်း မတွေးမိခဲ့ကြပါ။
နွေရာသီနေ့လယ်ခင်းတစ်ခုဝယ် ဒေါ်မြိုင်၏ ညီမငယ် ဒေါ်အုန်းသန်းတစ်ယောက် မီးတွင်းကာလ သွေး သွန်ခြင်း ကို ခံစားနေရသည်။ ထိုရောဂါကို သထုံမြို့ပေါ်ရှိ သထုံဆေးရုံကြီးတွင်သာ ကုသပေး နိုင်ပါ သည်။ ထိုနေ့က အဖြစ်အပျက်များကို ဒေါ်မြိုင်မြိုင်သန်း မမေ့နိုင်သေးပါ - “ပထမတော့ ကျွန်မတို့လေ.. ညီမလေးကို လှေနဲ့ဆေးရုံပို့ဖို့ ကြိုးစားကြတယ်။ ဒါပေမဲ့ ဆည်ရေသွင်းမြောင်းထဲမှာက ရေမရှိတော့ လှေနဲ့ သွားလို့မရဘူးရှင်။ အဲဒါနဲ့ပဲ ယောက်ျားကြီးလေးယောက်က ပုခက်လုပ်ပြီး ညီမလေးကို ထမ်း၊ ပြီးတော့ ရေခမ်း နေတဲ့ ချောင်းကြမ်းပြင်၊ လယ်ကွင်းတွေ၊ လှပ်ထားတဲ့ မြေတွေကို ဖြတ်ပြီး သွားကြ ရ တယ်။ တကယ် ကို ခက်ခဲကြမ်းတမ်းတဲ့ ခရီးပါပဲ။ သနားစရာကောင်းတဲ့ ကျွန်မညီမလေး တစ်လမ်းလုံး သွေးတွေ ဆင်းရှာတယ်။ ဆေးရုံရောက်ဖို့ လေးနာရီကြာခဲ့တယ်။ ဆေးရုံရောက်ပြီး ခဏပဲကြာတယ်၊ ညီမလေး ဆုံးရှာတယ်” ဟု ပြန်ပြောင်းပြောပြခဲ့သည်။ အကယ်၍ ဒေါ်အုန်းသန်းသာ ဆေးရုံသို့ မိနစ် ၃၀ စောရောက်လျှင် သူမ အသက်ရှင်နိုင်မည်ဖြစ်သည်ဟု ဒေါ်မြိုင်ကယူကြုံးမရဖြစ်နေသည်။
နောက်နှစ်နှစ်အကြာ ဒေါ်မြိုင်မြိုင်သန်း၏ သားမက်ဖြစ်သူ (ထိုအချိန်က အသက် ၂၅ နှစ်သာ ရှိသေးသည်) မြွေကိုက်ခံရသည်။ ဤတစ်ကြိမ်တွင်လည်း အခြေခံအဆောက်အအုံ မပြည့်စုံမှု ကြောင့် ဆေးရုံသို့ အရောက်နောက်ကျခဲ့ပြန်သည်။ ဒေါ်မြိုင်မြိုင်သန်းက ဝမ်းနည်းကြေကွဲစွာ ပြောပြပါသည် - “သူ့ကို တစ်နာရီလောက် လမ်းလျှောက်သွားရတဲ့ ချောင်းဆီကို သယ်သွားရတယ်။ အဲဒီကနေ မြို့နားက လှေဆိပ်ကို ရောက်ဖို့ လှေတစ်စီးနဲ့ နှစ်နာရီကြာ သွားရသေးတယ်။ လှေဆိပ် ကနေ မော်တော် ဆိုင် ကယ်နဲ့ နောက်တစ်နာရီ ထပ်သွားမှ ဆေးရုံကို ရောက်တာလေ။ သူလည်း ဆေးရုံကို အချိန်မီ မရောက်ခဲ့ ပါဘူးကွယ်။”
ဒေါ်မြိုင်မြိုင်သန်း နေထိုင်သော အောင်ကန်သာကျေးရွာသည် သထုံမြို့မှ ကိုးမိုင်ခန့်သာ ဝေးသော နေရာ တွင် တည်ရှိပါသည်။ သို့သော် ဆယ်စုနှစ်ပေါင်းများစွာ ကြာသည့်တိုင် သူမတို့ရွာနှင့် မြို့ကို ဆက်ပေး သော လမ်း မရှိခဲ့ပါ။ သထုံမြို့သို့ သွားလိုလျှင် ရွာသူရွာသားများသည် ဆည်ရေသွင်းမြောင်း တစ်ခု အတွင်း ကနေ လှေဖြင့် သွားလိုကသွား ၊ သို့မဟုတ် ကုန်းလမ်းခရီးအတိုင်း ရွာများကို ဖြတ်ကာ သွားရ ပါသည်။ မည်သည့်လမ်းကြောင်းမှသွားသွား သုံးနာရီမှ လေးနာရီကြား ကြာမြင့်ပါသည်။ “အဲဒီ အချိန် တုန်းကတော့ ကျွန်မတို့တွေ မြို့ကို မဖြစ်မနေ သွားဖို့လိုမှ သွားကြတယ်။ လမ်းကောင်း ကောင်း မရှိတဲ့ အတွက် ကျွန်မတို့ရွာ မဖွံ့ဖြိုးဘဲ နောက်ကျကျန်ခဲ့တယ်။ ကျွန်မတို့တတွေ သီးခြား ကမ္ဘာတစ်ခုမှာ နေခဲ့ရ တယ်လေ။ အနီးအနားက ရွာတွေနဲ့ သထုံမြို့ကို သွားလို့ရမယ့် လမ်းကောင်း ကောင်းတစ်စင်းလောက် ရှိရင်သိပ်ကောင်းမှာပဲလို့ ကျွန်မတို့ တောင့်တခဲ့ကြတယ်။ ကျွန်မတို့တတွေမှာ ခရီး နီးပေမယ့် နောက်ကျကျန်နေခဲ့ကြရတာ” ဟု ဒေါ်မြိုင်မြိုင်သန်းက သူ၏ ခံစားချက်ကို ဖွင့်ဟ ပြောပြ ရှာသည်။ အောင်ကန်သာရွာနှင့် အနီးအနားကျေးရွာများတွင် နေထိုင်သူ ၅,၀၀၀ ကျော်တွင်လည်း တူညီသော ခံစားချက်များ၊ ဆန္ဒများ ရှိခဲ့ကြပါသည်။
ထို့ကြောင့် ၂၀၁၇ ခုနှစ်တွင် သထုံမြို့နယ်အာဏာပိုင်များသည် UNDP နှင့် ပူးပေါင်း၍ မြို့နယ် စီမံကိန်း ရေးဆွဲရေး လုပ်ငန်းများကို စတင်ဆောင်ရွက်သောအခါ အောင်ကန်သာကျေးရွာ အုပ်ချုပ် ရေးမှူး ဦးချစ်အောင်သည် အလွန်ထက်သန်တက်ကြွစွာ ပါဝင်ဆောင်ရွက်ခဲ့ပါသည်။
စီမံကိန်းရေးဆွဲရေးအတွက် ဆွေးနွေးမှုများတွင် ဦးချစ်အောင်က အောင်ကန်သာနှင့် အနီးအနား ကျေးရွာ နှစ်ရွာကို ဆက်သွယ်ပေးသော လမ်းတစ်လမ်း တည်ဆောက်ရေး အဆိုပြုခဲ့သည်။ “ပညာ ရေး၊ ကျန်းမာ ရေး စတဲ့ အခြေခံဝန်ဆောင်မှုတွေ လက်လှမ်းမီဖို့အတွက် ကျွန်တော်တို့ ရွာမှာ ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှု တွေကို ဖြေရှင်းနိုင်ဖို့ ကျွန်တော် ဒီလမ်းကို အဆိုပြုခဲ့တာပါ။ ဆရာ/ ဆရာမတွေဆိုရင် ကျွန်တော်ရွာမှာ ကြာကြာ မနေကြဘူး။ ရွာကလူတွေ နေမကောင်းဖြစ်ရင်လည်း ကျန်းမာရေးစောင့်ရှောက်မှုတွေ ကောင်း ကောင်းမရကြဘူး။ သဘာဝဘေးတွေဖြစ်ရင်လည်း လမ်း မရှိတဲ့အတွက် လူတွေကို ဘေးလွတ်ရာကို မြန်မြန်ဆန်ဆန် ရွှေ့ပြောင်းမပေးနိုင်ဘူး။ ဆိုင်ကလုန်း တွေ၊ ရေကြီးရေလျှံတာတွေဖြစ်လို့ လိုအပ်တဲ့ ကယ်ဆယ်ရေးပစ္စည်းတွေ၊ ဝန်ဆောင်မှုတွေ ဆိုရင် လည်း ကျွန်တော်တို့ရွာကို အချိန်မီ မရောက်ခဲ့ဘူး” ဟု ဦးချစ်အောင်က ဆိုသည်။
အောင်ကန်သာ၊ ထိန်ပင်နှင့် သုံးပင်စု ကျေးရွာများကို သထုံမြို့နှင့် ဆက်သွယ်ပေးသော လေးမိုင် ရှည်လျားသည့် လမ်းတစ်လမ်း တည်ဆောက်ခြင်းကို မြို့နယ်၏ ဦးစားပေးစီမံချက်အဖြစ် သတ် မှတ်ခဲ့ကြပါသည်။ ဆွစ်ဇာလန်နိုင်ငံအစိုးရမှ ရန်ပုံငွေပံ့ပိုးသော ထိုစီမံချက်သည် ယခုနှစ် ဇန်နဝါရီ လတွင် စတင်ခဲ့ပြီး မတ်လတွင် ပြီးစီးခဲ့ပါသည်။
“အခုဆိုရင် နေ့နေ့ညည ဘယ်အချိန်သွားသွား သထုံကို နှစ်နာရီအတွင်း ရောက်အောင် သွားနိုင်ပြီ။ ဒီလမ်းက ကျွန်တော်တို့ရွာ ဖွံ့ဖြိုးတိုးတက်ဖို့ အခွင့်အလမ်းတွေ ဆောင်ကြဉ်းပေးတယ်လို့ဆိုရင် လည်း မမှားဘူး။ အခုဆိုရင် ဒီလမ်းကို အသုံးပြုပြီး ရွာကို လျှပ်စစ်မီးသွယ်ပေးဖို့ အစိုးရကို တင်ပြ မလို့ စီစဉ်ထားတယ်” ဟု ဦးချစ်အောင်က ဝမ်းသာအားရ ပြောပါသည်။
“အရင်ကတော့ ကလေးအများစုရဲ့ ပညာရေးက ၈ တန်းအောင်ရင် ပြီးဆုံးသွားပြီလို့ ပြောရမယ်။ အခုတော့ ကျွန်တော်တို့ရဲ့ ကလေးတွေလည်း သထုံမြို့လို တခြားနေရာတွေမှာ ပိုအဆင့်မြင့်တဲ့ အတန်း တွေ သွားတက်နိုင်တော့မယ်။ သယ်ယူပို့ဆောင်ရေးစရိတ်တွေလည်း သက်သာသွားတော့ ရွာက ဈေးဆိုင်တွေက အခြေခံကုန်စည်တွေကို အများကြီး ပိုပြီး သက်သက်သာသာနဲ့ ရောင်းပေး နိုင်ပြီလေ” ဟု ဦးချစ်အောင်က လမ်း၏ အကျိုးကျေးဇူးများကို ဖြည့်စွက်ပြောကြားသွားပါသည်။
ယခုအခါ အနီးဆုံး ကျန်းမာရေးဌာနသို့ ဆိုင်ကယ်ဖြင့် ၁၅ မိနစ်ကြာ သွားလျှင် ရောက်နိုင်ပြီ ဖြစ်သည်။ အခြေခံဝန်ဆောင်မှုများကို လက်လှမ်းမီ ရရှိရန် များစွာ အဆင်ပြေလွယ်ကူသွားပြီး စီးပွားရေးလုပ်ငန်း များ ဖွံ့ဖြိုးလာရန် အခွင့်အလမ်းများလည်း တိုးပွားလာပြီ ဖြစ်သည်။
အောင်ကန်သာရွာသား ကိုရဲထက်သည် ယခင်က ကျပန်းလုပ်သားတစ်ဦး ဖြစ်သည်။ လမ်းဆောက် လုပ်ပြီးစီးသွားသောအခါ ကိုရဲထက်တစ်ယောက် ကျပန်းလုပ်သားဘဝကို စွန့်ခွာဖို့ ဆုံးဖြတ်လိုက် သည်။ သူ၏ ဆိုင်ကယ်တွင် ဘေးတွဲတပ်ကာ ဆိုင်ကယ်တက္ကစီဆွဲနေပြီ။
“လမ်းမဖောက်ခင်တုန်းကတော့ ကျွန်တော့်မှာ အလုပ်မရှိတဲ့ နေ့တွေက ခပ်များများ။ အလုပ်မရှိ တော့ စားဝတ်နေရေးအတွက် မကြာမကြာ အတိုးအများကြီးပေးပြီး ပိုက်ဆံချေးရတယ်။ လမ်း ဖောက်ပြီးတော့ ကျွန်တော် ဆိုင်ကယ်တက္ကစီဆွဲတယ်။ အနီးအနားရွာတွေက ခရီးသည်နဲ့ ကုန် ပစ္စည်းတွေ သယ်ပို့ ပေး တယ်။ အခုဆိုရင် ကျွန်တော့်ဝင်ငွေ သိသိသာသာ တိုးလာတယ်။ တစ်ရက် ကို ၆,၀၀၀ ကနေ ၁၀,၀၀၀ ကြား ဝင်နေတော့ ပိုက်ဆံ လိုက်ချေးစရာလည်း မလိုတော့ဘူးလေ” ဟု ကိုရဲထက်က ပြောပြသည်။ ကိုရဲထက်သာမက ထိုရွာရှိ တီထွင်စွန့်စား စီးပွားရှာလိုသူအများအပြား သည် လမ်းကိုအကြောင်းပြု၍ စီးပွားရေးအခွင့်အလမ်းသစ်များကို ရှာဖွေနိုင်ခဲ့ကြပါသည်။ ယခု အခါ ထိုလမ်းကို အမှီပြု၍ လုပ်ကိုင်စားသောက်နေသော ဆိုက်ကား ၁၅ စီး၊ ဆိုင်ကယ် အစီး ၂၀ ကျော်နှင့် လိုက်ထရပ် ၆ စီး ရှိနေပြီဖြစ်ပါသည်။
ကိုဗစ်-၁၉ ကူးစက်ပြန့်ပွားလာသောအခါ မွန်ပြည်နယ်သည် ထိုင်းနိုင်ငံမှ နေရပ်ပြန်လာသော ရွှေ့ပြောင်း လုပ်သားအများအပြား၏ ဝင်ပေါက်ဖြစ်နေရာ ထိုလမ်းသည် ပို၍ပင် အရေးပါလာပါသည်။ ဆန်၊ ဆီ၊ ပဲ အပါအဝင် အစိုးရ၏ အကူအညီအထောက်အပံ့များ ရွာများသို့ အချိန်မီ ရောက်လာပါသည်။ အောင်ကန်သာနှင့် အခြားရွာများမှ ပြည်သူများသည် ယခုအခါ ကိုယ်ဝန်ဆောင်မိခင်နှင့် ငါးနှစ်အောက် ကလေများအတွက် မျိုးဆက်ပွားကျန်းမာရေးဝန်ဆောင်မှု များကို အလွယ်တကူ လက်လှမ်းမီ ရရှိနိုင် ကြပြီ ဖြစ်သည်။ “ဒါတွေအားလုံးက ဒီလမ်းရဲ့ ကျေးဇူး ကြောင့်ပဲ” ဟု ဦးချစ်အောင်က ကျေနပ်နေသည်။
မြို့နယ်အဆင့် ဒီမိုကရေစီနည်းကျ ဒေသန္တရအုပ်ချုပ်ရေးလုပ်ငန်းစဉ် စီမံကိန်းသည် မွန်ပြည်နယ်ရှိ မြို့နယ်အုပ်ချုပ်ရေးမှူး ၁၀ ဦးနှင့် ပဲခူးတိုင်းဒေသကြီးရှိ ၅ ဦး၊ စုစုပေါင်း ၁၅ ဦးအား ထိရောက်၍ စွမ်းဆောင်ရည်ပြည့်ဝသော အခြေခံဝန်ဆောင်မှုများကို အားလုံးပါဝင်နိုင်သော၊ တာဝန်ခံမှုရှိသော၊ ပွင့်လင်းမြင်သာသော နည်းလမ်းဖြင့် ဆောင်ရွက်ပေးနိုင်အောင် ပံ့ပိုးကူညီရန် ရည်ရွယ်လုပ်ဆောင် နေသော စီမံကိန်း ဖြစ်ပါသည်။ ပံ့ပိုးကူညီသည့်နည်းလမ်းမှာ မြို့နယ်များအား အခြေခံအဆောက် အအုံစီမံချက်များအတွက် ဘဏ္ဍာငွေအသုံးစရိတ်များကို ကိုယ်တိုင်ဆုံးဖြတ်သုံးစွဲနိုင်အောင် ဆောင် ရွက်ပေးခြင်း ဖြစ်ပါသည်။ ထို့ပြင် နည်းပညာအကူအညီများ ပေးခြင်းဖြင့် မြို့နယ်များအတွင်း ဖွံ့ဖြိုးမှု အထောက်အကူပြု ရန်ပုံငွေများကို အားလုံးပါဝင်နိုင်သော နည်းလမ်းဖြင့် ထိရောက်စွာ အသုံးပြုနိုင်မှု စွမ်းရည်များကိုလည်း မြှင့်တင်ပေးခဲ့သည်။ မြို့နယ်အဆင့် ဒီမိုကရေစီနည်းကျ ဒေသန္တရ အုပ်ချုပ်ရေး လုပ်ငန်းစဉ်စီမံကိန်းသည် ဆုံးဖြတ်ချက်ချမှတ်မှုများတွင် ဗဟိုချုပ်ကိုင်မှု လျှော့ချခြင်းအား ထိရောက်စွာ ဆောင်ရွက်နိုင်အောင် ပံ့ပိုးပေးနိုင်ခဲ့ပါသည်။
စီမံကိန်းမြို့နယ်များရှိ ရင်းနှီးမြှုပ်နှံမှုဆုံးဖြတ်ချက်များသည် ပိုမိုများပြားကျယ်ပြန့်စုံလင်သော အကျိုး ဆက်စပ်သက်ဆိုင်သူများထံမှ အချက်အလက်များပေါ်တွင် အခြေခံ၍ ထိုအကျိုးသက်ဆိုင် သူများထံ တာဝန်ခံမှု ပိုရှိလာစေရန် စီမံကိန်းက ရည်ရွယ်ထားပါသည်။ ထိုကဲ့သို့ဆောင်ရွက်ခြင်းဖြင့် ဒေသခံ ပြည်သူ များ၏ ပူးပေါင်းပါဝင်ဆောင်ရွက်မှု၊ ပိုမိုအားကောင်းသော အစိုးရ နှင့်ပြည်သူ များအကြားရှိ ယုံကြည် မှုနှင့် သဘောတူညီမှုတို့မှတစ်ဆင့် တည်ငြိမ်အေးချမ်းသော နိုင်ငံရေးအဖြေ များ ရှာဖွေ နိုင်စေရန် အထောက်အကူပြုမည် ဖြစ်ပါသည်။