မွန်ပြည်နယ်သည် မြန်မာနိုင်ငံ၏ အရှေ့တောင်ဘက်ခြမ်းတွင်တည်ရှိပြီး အနောက်ဖက်တွင် ကပ္ပလီပင်လယ်နှင့် အရှေ့ဖက် တွင် ဒေါနတောင်တန်းကြီးတို့ဖြင့်အနားသတ်ထားသည့် ကျဉ်းမြောင်းသော ကမ်းရိုးတန်းဒေသတစ်ခုဖြစ်ပါသည်။ ပွင့်လင်း ရာသီချိန်တွင် ရင်သတ်ရှုမောဖွယ်ရာတောတောင်ရေမြေရှုခင်းတွေနှင့်သာယာလှပသည့် မွန်ပြည်နယ်သည် မိုးရာသီ ကာလ ရောက်လျှင် ရာသီဉတုဆိုးရွားပြင်းထန်မှုနှင့်ကြုံတွေ့ရတတ်ပါသည်။ မွန်ပြည်နယ်တည်ရှိသည့် ကျဉ်းမြောင်းသော ကမ်းခြေ ဒေသသည် မုတ်သုန်မိုးရာသီကာလအတွင်းမိုးသည်းထန်စွာရွာသွန်းတတ်သဖြင့် ရေကြီးရေလျှံခြင်းများ ဖြစ်ပေါ်ကာ အသက် အိုးအိမ်စည်းစိမ်ဆုံးရှုံးရမှုများ၊ အခြေခံအဆောက်အအုံများပျက်စီးခြင်း၊ လယ်ယာမြေနှင့်စိုက်ခင်းများရေနစ်မြုပ်ခြင်း စသည် တို့ကိုကြုံတွေ့ရလေ့ရှိပါသည်။
“မိုးရာသီဆိုရင် ကျွန်မတို့မှာ စိတ်ပူနေရတယ်။ ကျွန်မတို့တွေ ထွန်ယက်စိုက်ပျိုးနိုင်ဖို့ မိုးရေလိုအပ်တယ်၊ ဒါပေမဲ့ မိုး သိပ်များရင်လည်း စိုက်ခင်းတွေ ပျက်စီးကုန်ရော” ဟု အသက် ၂၆ နှစ် အရွယ် မနွေးနွေးသက်က ပြောပြပါသည်။ မနွေးနွေး သက်သည် ရေးမြို့ အရှေ့ဘက် ၁၂ မိုင်အကွာတွင် တည်ရှိ သော ကျောင်းရွာသူတစ်ဦး ဖြစ်ပြီး သူမ၏ ရွာသည် မုတ်သုန် ရာသီတွင် လေပြင်းမုန်တိုင်းများနှင့် ရေကြီးရေလျှံအန္တရာယ်များ အလွန်ကျရောက်လွယ်သောနေရာ ဖြစ်ပါသည်။
မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် သဘာဝဘေးဒဏ်အဆိုးရွားဆုံးခံစားရသောနိုင်ငံများတွင် ပါဝင်ပါ သည်။ပြီးခဲ့သည့် ဆယ်စု နှစ်နှစ်ခုအတွင်း အလွန်ဆိုးရွားသည့်ရာသီဒဏ်ခံစားခဲ့ရသည့်နိုင်ငံများကိုဖော်ပြထားသည့် ကမ္ဘာလုံးဆိုင်ရာ ရာသီ ဉတု ဖောက်ပြန်မှုဒဏ်ခံရခြင်း အညွှန်းကိန်း Global Climate Risk Index ပါ ၁၈၇ နိုင်ငံအနက်မြန်မာနိုင်ငံသည် ဒုတိယနေရာ တွင်ရှိနေပါသည်။ မြန်မာနိုင်ငံသည် ရေကြီးရေလျှံခြင်း၊ ဆိုင်ကလုန်းမုန်တိုင်းများ၊ ငလျှင်များ၊ မြေပြိုမှုများ၊ ဆူနာမိ စသည့် သဘာဝဘေးအန္တရာယ်မျိုးစုံကိုတွေ့ကြုံရနိုင်ခြေရှိနေပါသည်။ မွန်ပြည်နယ်သည် သဘာဝဘေးအန္တရာယ်များ ကျရောက် သည့်အခါ အဆိုးရွားဆုံးဒဏ်ခံရသည့် ဒေသများအနက်တစ်ခုအပါအဝင်ဖြစ်ပါသည်။ နှစ်ပေါင်းများစွာအတွင်း ရေကြီးရေလျှံမှု ဒဏ်ကိုခံစားခဲ့ရပြီး ၂၀၁၈ နှင့် ၂၀၁၉ ခုနှစ်တို့တွင်အခါတိုင်းထက်ပိုဆိုးသည့်ရေကြီးရေလျှံမှုများကိုကြုံတွေ့ခဲ့ရပါကာ လူနေအိမ်ခြေများ၊ လယ်မြေနှင့်စိုက်ခင်းများပျက်စီးဆုံးရှုံးခဲ့ရပါသည်။
၂၀၁၉ခုနှစ်အတွင်းက ကြုံတွေ့ခဲ့ရသည့် ရေကြီးရေလျှံမှုများကို မနွေးနွေဂသက်ကပြက်ပြက်ထင်ထင်မှတ်မိနေသည်။
“မနှစ်က ဩဂုတ်လ ရက်တစ်ရက်မှာ ထူးကဲစွာ မိုးကြီးနိုင်တယ်လို့ အစိုးရ ကြေညာထားတော့ ကျွန်မတို့ နိုးနိုးကြားကြား ရှိနေကြပါတယ်။ တစ်ပတ်လောက် မိုးက ရွာလိုက် တိတ်လိုက် ဖြစ်နေရာကနေ ရေတွေကြီးလာပါလေရော။ ချောင်းတွေ ရေလျှံလာတော့ တစ်ရွာလုံး အမြင့်ပိုင်းမှာ ရှိတဲ့ ဘုန်းကြီးကျောင်းဝင်းထဲကို ပြေးကြတယ်” ဟု နွေးနွေးသက်က ပြန်ပြောင်း ပြောပြသည်။ ထိုရေကြီးရေလျှံမှုတွင် အသေအပျောက်မရှိသော်လည်း အိမ်အချို့ ရေမျှောပြီး ပိုင်ဆိုင်သမျှအားလုံး ပါသွားခဲ့ သည်။ ထို့ပြင် ထိုဒေသကို အဓိကပံ့ပိုးနေသော ကောက်ပဲသီးနှံများ ဖြစ်သည့် စပါးခင်းများနှင့် ရာဘာစိုက်ခင်းများအားလုံး လည်း ပျက်စီးသွားခဲ့ပါသည်။ “အခုထိ ကြုံဖူးသမျှထဲမှာတော့ အဆိုးဆုံး ရေကြီးရေလျှံမှုပဲ” ဟု နွေးနွေးသက်က ဆိုပါသည်။
ထိုရေကြီးရေလျှံမှု ဖြစ်ပွားပြီးနောက်တွင် ကျောင်းရွာရှိ တက်ကြွလှုပ်ရှားသော လူအချို့ ဒီအတိုင်းနေလို့မဖြစ်တော့ဟု သုံးသပ်မိခဲ့ကြသည်။ ထို့ကြောင့်သူတို့ကသဘာဝဘေးများ ဖြစ်ပွားစဉ် အတွင်း တုံ့ပြန်ဆောင်ရွက်နိုင်ရေးနှင့် ဖြစ်ပွားပြီးနောက် ပြန်လည် ထူထောင်ရေးများအတွက် ကော်မတီတစ်ခုကို ဖွဲ့စည်းခဲ့ကြသည်။ ကော်မတီဖွဲ့ရတာလွယ်ပါသည်။ သို့သော် ကြက်ခြေနီအဖွဲ့ဝင်များပါဝင်သော ကျေးရွာကော်မီတီသည် လုပ်ငန်းကျွမ်းကျင်မှုမရှိသည့်အပြင် သဘာဝဘေးအန္တရာယ် ထိခိုက်မှုဒဏ်ကိုလျော့နည်းစေနိင်မည့်လုပ်ထုံးလုပ်နည်းများ၊လုပ်ငန်းစဉ်များကိုလည်းနားလည်သဘောပေါက်မှုမရှိကြဟုနွေးနွေးသက်ကပြန်ပြောင်းပြောပြပါသည်။
ယခုနှစ် ဩဂုတ်လတွင် လူဇင်ဘတ်အစိုးရ၏ ရန်ပုံငွေဖြင့် ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP) မှ ပံ့ပိုးသော မြို့နယ် အဆင့် နှင့် ရပ်ရွာ အဆင့် ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေ စီမံခန့်ခွဲမှု သင်တန်းသို့ တက်ရောက်ရန် နွေးနွေးသက်နှင့် ရေးမြို့နယ်အတွင်းရှိ အခြားရွာများ လူများကို ဖိတ်ခေါ်ခဲ့ပါသည်။ သုံးရက်တာမျှကြာမြင့်သည့် သင်တန်းအား ရေးမြို့နယ် အထွေထွေ အုပ်ချုပ်ရေး မှူးရုံး တွင် ကျင်းပပြုလုပ် ခဲ့ပြီး ကျေးရွာအသီးသီးမှ စုစုပေါင်း အမျိုးသား၊ အမျိုးသမီး ၃၂ ဦး တက်ရောက်ခဲ့ကြ ပါသည်။
သင်တန်းကျင်းပနိုင်ရန်အတွက် DRRWG သည် မွန်ပြည်နယ်အစိုးရနှင့် ပေါင်းစပ်ညှိနှိုင်း၍ မွန်ပြည်နယ် အတွင်းရှိ ရေကြီးရေလျှံ အန္တရာယ်ကျရောက်နိုင်ခြေ အများဆုံးဖြစ်သည့် ဘီးလင်း၊ ပေါင်၊ ကျိုက်မရော နှင့် ရေးမြို့နယ် လေးမြို့နယ်ကို ရွေးချယ်ကာ စွမ်းရည်မြှင့်သင်တန်းများကို ကျင်းပပေးခဲ့ပြီး ကျေးရွာ ပေါင်း ၁၂၂ ရွာ၊ ရပ်ကွက်ပေါင်း ၃၉ ခုမှတက်ကြွသည့် ဒေသခံများကိုရွေးချယ် တက်ရောက်စေခဲ့ပါသည်။
နွေးနွေးသက်က သင်တန်းတက်ရောက်ခွင့်ရခြင်းအတွက် ကျေးဇူးတင်ဝမ်းမြောက်လျက်ရှိပြီး သူမ များစွာ သင်ယူနိုင်ခဲ့ သည် ဟု ပြောပါသည် ။ “ဘေးအန္တရာယ်တစ်ခု မဖြစ်မီ၊ ဖြစ်ပွားနေစဉ်နဲ့ ဖြစ်ပွားပြီးတဲ့နောက်မှာ လုပ်ဆောင်ဖို့ လိုအပ်တာ တွေ အားလုံးကို ကျွန်မတို့ လေ့လာသိရှိခဲ့ပါတယ်။ ယာယီခိုလှုံရေးစခန်းနေရာတစ်ခုကို ဘယ်လို ရွေးချယ်မလဲ၊ ကျန်းမာရေး ဆိုင်ရာ လိုအပ်ချက်တွေနဲ့ အညီ စခန်းကို ဘယ်လိုပြင်ဆင်မလဲ၊ စခန်းကို ထိထိရောက်ရောက်နဲ့ ဘေးအန္တရာယ်ကင်းရှင်းစွာ ဘယ်လိုစီမံခန့်ခွဲမလဲ ဆိုတာတွေကို သင်ယူခွင့်ရခဲ့ပါတယ်။ ကျွန်မတို့ ဒါတွေကို ကျွန်မတို့ဖာသာ နှစ်ပေါင်းများစွာ လုပ်လာခဲ့ တာပါပဲ။ ဒါပေမဲ့ အခုမှပဲ ဒီကိစ္စတွေအားလုံးအတွက် စံပြု လုပ်ငန်း လမ်းညွှန်တွေ (SOPs) ကို ကျွန်မတို့ လေ့လာသိရှိခွင့် ရခဲ့ ပါတယ်။ ဒီ SOP တွေက အနာဂတ်မှ ကျွန်မတို့ ရင်ဆိုင်ရမယ့် ဒုက္ခအများအပြားကနေ ကျွန်မတို့ကို ကယ်တင်ပေးနိုင်မှာပါ။”
DRRWG သင်တန်းများသည် ကြီးမားသည့် သဘာဝဘေးအန္တရာယ်တစ်ခု ကျရောက်လာလျှင် ထိရောက်စွာ တုံ့ပြန်ဆောင်ရွက် ရန်နှင့် ရေရှည်တည်တံ့မှုရှိစွာ ပြန်လည်ထူထောင်နိုင်ရန်အတွက် အဆင်သင့်ဖြစ်နေစေရေး ဒေသခံလုပ်ဆောင်သူများ၏ စွမ်း ရည်များကို မြှင့်တင်ပေးရန် ရည်ရွယ်ပါသည်။ သင်တန်းများတွင် ရှာဖွေရေးနှင့် ကယ်ဆယ်ရေး၊ ကမ္ဘာ့တည်နေရာပြစနစ် (global positioning system - GPS) အသုံးပြုခြင်း၊ ကယ်ဆယ်ရေးနှင့် ထူထောင်ရေး၊ အရေးပေါ် ဆက်သွယ်ရေးနှင့် ပေါင်းစပ်ညှိနှိုင်းရေး၊ လိုအပ်ချက်များ ဆန်းစစ်မှု၊ စခန်းစီမံခန့်ခွဲမှု၊ ရှေးဦးသူနာ ပြုစုခြင်း၊ ပြည်သူ့ကျန်းမာရေး၊ ပြန်လည် ထူထောင်ရေး ဆန်းစစ်မှုနှင့် စီမံကိန်းရေးဆွဲမှုတို့အား ဆွေးနွေးသင်ပြလေ့ကျင့်ပေးပါသည်။ သင်တန်းသား၊ သင်တန်းသူ များအတွက် အရေးပေါ် တုံ့ပြန်ရေးပစ္စည်းများ (Emergency response kits) ကိုလည်း ပေးအပ်ခဲ့ပါသည်။
သင်တန်းအစီအစဉ်ထဲတွင် ကျားမရေးရာ အသိအမြင်ဖွင့်ပေးခြင်းကိုလည်း ထည့်သွင်းထားပါ သည်။ UNDP မော်လမြိုင်ရုံးမှ တာဝန်ခံအရာရှိဖြစ်သူ ဒေါ်နီနီလွင်က “ကုလသမဂ္ဂလူဦးရေ ရန်ပုံငွေအဖွဲ့ (UNFPA) က ကျွန်မတို့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေကို ဖိတ်ကြားပြီး ကျားမတန်းတူညီမျှမှု နဲ့ တခြား ဆက်စပ်တဲ့ အကြောင်းအရာတွေကို ဆွေးနွေးပေးပါတယ်။ ကျွန်မတို့ရဲ့ သင်တန်းတွေမှာ ကျေးလက်နေပြည်သူတွေကြား ကျားမရေးရာ အသိအမြင်နိုးကြားစေမယ့် အစီအစဉ်တွေကို ထည့်သွင်း ပေးချင်လို့ပါ” ဟု ရှင်းပြပါသည်။
ထိုအကြောင်းကိစ္ဏများကိုသင်တန်းအတွင်းထည့်သွင်းဆွေးနွေးခြင်းသည် သူနှင့်သူ၏ အဖွဲ့သားများ အတွက်အလွန် အကျိုး ရှိစေပါသည်ဟု နွေးနွေးသက်ကရှင်းပြသည်။ “အရင်တုန်းက ကျွန်မတို့တွေ စီစဉ်တဲ့ စခန်းနေရာတွေက ရေချိုးတဲ့နေရာ၊ အိမ်သာ စတဲ့နေရာတွေမှာ ကျားမရေးရာကိစ္စတွေကို ကျွန်မတို့ ထည့်မစဉ်းစားခဲ့ကြဘူး။ အခုတော့ ဒီကိစ္စတွေကိုပါ ထည့်စဉ်း စားပြီး ဘယ်လိုပြင်ဆင် ရမယ်ဆိုတာ ကျွန်မတို့ သိသွားပြီ။”ထိုဆောင်ရွက်ချက်များသည် ကျားမအခြေပြု အကြမ်းဖက်မှုများ ကို တားဆီးကာကွယ်ပေးနိုင်မည်ဟု သူက ယုံကြည်သည်။
“အရင်ကတော့ ရာသီဉတုဆိုးရွားမယ်ဆိုတဲ့သတင်းကိုကြားလိုက်ရရင် ကျွန်မတို့ တတွေစိတ်ပူနေခဲ့ကြရတာ၊ ဒါပေမယ့် အခု တော့အရင်ကလောက်မစိုးရိမ်ကြတော့ဖူး။” ဟု နွေးနွေးသက်ကပြောပြသည်။ “ကျွန်မတို့အတော်လေးပြည့်ပြည့် စုံစုံသင်ယူခဲ့ ကြပြီးပြီ၊သိသင့်တာတွေသိခဲ့ကြပြီလေ။ အခုဆို ကျွန်မတို့တတွေရေကြီးရေလျှံဖြစ်လာတဲ့အခါ ထိခိုက်ဆုံးရှုံးမှု လျော့နည်း အောင် ကာကွယ်ဖို့အသင့်ပြင်ဆင်ထားနိုင်ကြပြီရှင့်။” ဟု နွေးနွေးသက်ကပြောပြပါသည်။