မြန်မာနိုင်ငံ အစိုးရ၏ ဝန်ကြီးဌာနများသည် ၎င်းတို့၏ ဌာနဆိုင်ရာ ပြုပြင်ပြောင်းလဲရေးဆိုင်ရာ ကိစ္စရပ်များကို လမ်းညွှန်မှုပေးနိုင်ရန် မဟာဗျူဟာများကို လွန်ခဲ့သည့် ငါးနှစ်ခန့်မှ စတင်ကာ ရေးဆွဲထားရှိခဲ့ပါသည်။ သို့သော်လည်း အဆိုပါ မဟာဗျူဟာဆိုင်ရာ ပန်းတိုင်များနှင့် မျှော်မှန်းချက်များကို ရောက်ရှိရန် ကြိုးပမ်းရာတွင် တိုးတက်မှု မည်မျှရှိနေပြီကို သုံးသပ်အကဲဖြတ်သည့် ဝန်ကြီးဌာနမှာ နည်းပါးလျက် ရှိနေပါသေးသည်။ ဝန်ကြီးဌာနနှင့် အဖွဲ့အစည်းအများစုမှာ ၎င်းတို့၏ ကနဦးစီမံချက် ပြီးစီးသွားသည့်အခါ အဆိုပါ စီမံကိန်း၏ အောင်မြင်မှု၊ ဆုံးရှုံးမှုများကို ပြန်လည် သုံးသပ်အကဲဖြတ်ခြင်းမပြုဘဲ ဒုတိယ စီမံကိန်းကို စတင်လေ့ရှိကြပါသည်။ ပြည်ထောင်စု ရှေ့နေချုပ်ရုံးသည် ယင်းကဲ့သို့သော အမှားမျိုးကို ရှောင်ရှားပြီး ၎င်း၏ “မဟာဗျူဟာ စီမံကိန်း (၂၀၁၅-၂၀၁၉) ကို ကိုယ်တိုင် သုံးသပ်အကဲဖြတ်ခြင်း” ကို UNDP ၏ ပံ့ပိုးမှုဖြင့် ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါ အကဲဖြတ်မှု အစီရင်ခံစာကို စက်တင်ဘာလ ၁၂ ရက်နေ့က နေပြည်တော်ရှိ ပြည်ထောင်စု ရှေ့နေချုပ်ရုံးတွင် ပြည်ထောင်စု ရှေ့နေချုပ် ဦးထွန်းထွန်းဦး၏ ဦးဆောင်မှုဖြင့် ထုတ်ပြန်ခဲ့ပါသည်။
ပြည်ထောင်စုရှေ့နေချုပ်က ၎င်းတို့သည် ဒုတိယ မဟာဗျူဟာ စီမံကိန်းကို စတင်ရေးဆွဲနေပြီဖြစ်ရာ သုံးသပ်အကဲဖြတ်မှု ဆောင်ရွက်ခြင်းမှ ရရှိလာသော ရလဒ်များအပေါ် အခြေခံ၍ ဒုတိယ စီမံကိန်းတွင် ဖြည့်စွက်သင့်သည့်အချက်၊ ပြင်ဆင်သင့်သည့်အချက်များကို သိရှိစေသည့်အတွက် ဤလုပ်ငန်းရပ်ကို ဆောင်ရွက်ရခြင်းမှာ ရှေ့နေချုပ်ရုံးအတွက် အလွန်ပင် အကျိုးရှိကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါသည်။ ရှေ့နေချုပ်ရုံးသည် UNDP ၏ အကဲဖြတ်သုံးသပ်ရေးအဖွဲ့အား ၎င်းတို့မှ ဥပဒေပြုရေးဆိုင်ရာနှင့် ဥပဒေဆိုင်ရာ အကြံဉာဏ်များ ပေးနေသည့် လွှတ်တော်ဥပဒေကြမ်း ကော်မတီများမှ ဝန်ထမ်းများနှင့် ဝန်ကြီးဌာန အသီးသီးမှ ဝန်ထမ်းများကို တွေ့ဆုံ၍ မေးခွန်းများ လွတ်လပ်စွာ မေးမြန်းခွင့်ရရန် ခွင့်ပြုခဲ့ပါသည်။
ပြည်ထောင်စု ရှေ့နေချုပ်ရုံးသည် နိုင်ငံအတွက် တရားဥပဒေစိုးမိုးရေးကို အထောက်အကူပြု ဆောင်ရွက်နေသည့် အဖွဲ့ဖြစ်သည့် အားလျော်စွာ ပြည်ထောင်စုအဆင့်နှင့် တိုင်းဒေသကြီး/ ပြည်နယ်အဆင့်တို့ရှိ အစိုးရဌာနနှင့် အဖွဲ့အစည်းများအားလုံးထံ ဥပဒေဆိုင်ရာ အထောက်အကူများ ပေးအပ်ရန် အခွင့်အာဏာရရှိထားပါသည်။ ၎င်းရုံးသည် အရပ်ဘက်တရားစွဲဆိုမှုများနှင့် ရာဇဝတ်မှုဆိုင်ရာ တရားစွဲဆိုမှုများအားလုံးကို မြန်မာနိုင်ငံကို ကိုယ်စားပြု၍ စီမံခန့်ခွဲရန်နှင့် အပြည်ပြည်ဆိုင်ရာ စာချုပ်များ၊ ပဋိဉာဉ်များတွင် ပါဝင်သည့် အချက်အလက်များနှင့် ပတ်သက်၍ နိုင်ငံတော်အစိုးရအား လိုအပ်သလို အကြံဉာဏ်ပေးခြင်းစသည်တို့ကို လုပ်ဆောင်ရန် တာဝန်ရှိပါသည်။ ထို့ကြောင့် ၎င်းတို့၏ ဝန်ဆောင်မှုများကို ရယူနေကြသူများထံမှ ဖြောင့်မှန်သော တုန့်ပြန်ချက်များကို ရရှိခြင်းဖြင့် ဝန်ဆောင်မှုများကို အဆင့်မြှင့်တင်နိုင်ရန် သင်တန်းများပေးခြင်း၊ လူ့စွမ်းအား အရင်းအမြစ်များ ခွဲဝေခြင်းတို့ကို လုပ်ဆောင်နိုင်မည်ဖြစ်ပြီး တရားဥပဒေဆိုင်ရာ ကိစ္စရပ်များ အားလုံးတွင် မြန်မာနိုင်ငံအစိုးရကို ကောင်းစွာ ကိုယ်စားပြုနိုင်မည်ဖြစ်ပါသည်။
သုံးသပ်အကဲဖြတ်မှုတွင် မြန်မာတစ်နိုင်ငံလုံးရှိ ဥပဒေအရာရှိ ၁,၂၀၀ ကျော်လည်း ပါဝင်ခဲ့ပါသည်။ အကဲဖြတ်ရာတွင် စီမံရေးရာ၊ ဥပဒေပညာ စဉ်ဆက်မပြတ် ဆက်လက်သင်ကြားရေး၊ ကျင့်ဝတ်ဆိုင်ရာများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နှင့် အခြားသော အစိုးရဝန်ကြီးဌာနများထံ ဥပဒေဆိုင်ရာ အကြံဉာဏ်များပေးခြင်း အစရှိသည့် လက်ရှိ မဟာဗျူဟာ စီမံကိန်း၏ အဆင့်တိုင်းအပေါ် ၎င်းတို့၏ သုံးသပ်ချက်များကို မေးမြန်းခဲ့ပါသည်။ အဆိုပါ သုံးသပ်ချက်များမှ သိသာထင်ရှားသော တွေ့ရှိချက်များမှာ ပြည်ထောင်စုရှေ့နေချုပ်ရုံးနှင့် ဥပဒေချုပ်ရုံးတို့မှ ဥပဒေအရာရှိများသည် လက်ရှိ မဟာဗျူဟာ စီမံကိန်းသည် ၎င်းတို့၏ စွမ်းဆောင်ရည်ကို ပိုမိုမြှင့်တင်နိုင်ရန် ကူညီပေးနိုင်ခဲ့ကြောင်း၊ သို့သော်လည်း ထပ်မံလုပ်ဆောင်ဖွယ်ရာများ ရှိနေသေးကြောင်း ဖြေကြားခဲ့ကြပါသည်။ နိုင်ငံတကာမှ ဖွံ့ဖြိုးမှုမိတ်ဖက်များမှ ဆောင်ရွက်ပေးသည့် သင်တန်းများမှာ ၎င်းတို့အတွက် လွန်စွာ အသုံးဝင်သော်လည်း ပြည်တွင်းဥပဒေများနှင့် ဆီလျော်သည့် သင်တန်းများပေးနိုင်လျင် ပို၍ ကောင်းမည်ဖြစ်ကြောင်း ဖြေကြားခဲ့ပါသည်။ ပြည်နယ်နှင့်တိုင်းဒေသကြီး ဥပဒေချုပ်ရုံးများတွင်လည်း မဟာဗျူဟာ စီမံချက်များ ထားရှိသင့်ကြောင်း၊ သို့မှသာ ၎င်းတို့အနေဖြင့် စွမ်းဆောင်ရည်မြှင့်တင်ရာတွင် လမ်းညွှန်မှုပေးနိုင်မည်ဖြစ်ကြောင်း ဥပဒေအရာရှိ အများစုက အကြံပြုခဲ့ကြပါသည်။
UNDP သည် ဤသုံးသပ်အကဲဖြတ်မှုဆောင်ရွက်ရန် ပြည်ထောင်စု ရှေ့နေချုပ်ရုံးကို ပံ့ပိုးပေးခွင့် ရသည့်အတွက် အထူးပင် ဂုဏ်ယူဝမ်းမြောက်ပါသည်။ အခြားသော ဝန်ကြီးဌာနများသည်လည်း ပြည်ထောင်စု ရှေ့နေချုပ်ရုံးကို နမူနာယူ၍ ပြင်ပအဖွဲ့အစည်းများနှင့် မိမိတို့၏ ဝန်ဆောင်မှုကို ရယူနေကြသူများကို မိမိတို့၏ စွမ်းဆောင်ရည်အပေါ် ဆန်းစစ်ခွင့်ပေးပြီး မဟာဗျူဟာ စီမံကိန်းများကို သုံးသပ်အကဲဖြတ်မှုများ ပြုလုပ်ကြမည်ဟု မျှော်လင့်လျက်ရှိပါသည်။