မြန်မာ့နိုင်ငံရေး အကျပ်အတည်းများနှင့် နေရာအနှံ့တွင် မတည်ငြိမ်မှုများ ဖြစ်ပေါ်နေသော်လည်း UNDP သည် သဘာဝပတ်ဝန်းကျင်ကို ကာကွယ်စောင့်ရှောက်ရန်နှင့် အသက်မွေးဝမ်းကြောင်း လုပ်ငန်းများကို မြှင့်တင်ရန်အတွက် နည်းလမ်းများ ရှာဖွေနေပါသည်။
ပျားမွေးမြူရေးနှင့် ဂုံးမွေးမြူရေး လုပ်ငန်းများက မြန်မာနိုင်ငံရှိ ဒီရေတောများနှင့် ကမ်းရိုးတန်းဒေသရှိ လူမှုအသိုင်းအဝန်းများအား ကာကွယ်စောင့်ရှောက်ပြီး ဆင်းရဲမွဲတေမှုကို လျော့ချရေးတွင် မည်ကဲ့သို့ အထောက်အကူပြုနေသည်ကို လေ့လာခြင်း
2023- October 12
![U Myo Oo sits in a mangrove forest in Myanmar's Tanintharyi Region U Myo Oo sits in a mangrove forest in Myanmar's Tanintharyi Region](/sites/g/files/zskgke326/files/2023-10/idrr_2023_story-4-resized.jpg)
၂၀၁၂ ခုနှစ်တွင် ဦးမျိုးဦးသည် သူ့ဘဝ၏ အချိုးအကွေ့တစ်ခုကို ကြုံတွေ့ခဲ့ရသည်။ ပုဂ္ဂလိက ကုမ္ပဏီတစ်ခုက ပုစွန်မွေးမြူရေးကန်များ တည်ဆောက်ရန်အတွက် ကမ်းရိုးတန်းတလျှောက်ရှိ ဒီရေတော ဧက ၄၀၀ ကျော်ကို ရှင်းလင်းခဲ့ချိန်တွင် သူသည် တနင်္သာရီတိုင်းဒေသ မြိတ်မြို့နယ်ရှိ ကျေးရွာတစ်ရွာတွင် အထက်တန်းပြ ကျောင်းဆရာတစ်ဦးအဖြစ် တာဝန်ထမ်းဆောင်နေခဲ့သူ တစ်ယောက်ဖြစ်ပါသည်။
အဆိုပါ ဒီရေတောများသည် ငါးနှင့်အခြားသော ရေနေသတ္တဝါများ မျိုးမသုန်းစေရန် ကာကွယ်ပေးနေသည့် အရေးကြီးလှသော ကျက်စားရာနေရာများဖြစ်သည်။ ဒီရေတောများအား ဖျက်စီးခံလိုက်ရသည်နှင့် ဒေသခံတံငါသည်များ၏ ငါးဖမ်းဆီးရရှိမှုမှာ သိသိသာသာ လျော့ကျသွားခဲ့ရပြီး ၎င်းတို့၏ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများစွာကို ထိခိုက်ခဲ့သည်။
"ဒီအဖြစ်အပျက်ဟာ ကျွန်တော့်ကို သတိပေးလိုက်သလိုပဲ။ အဲဒီအချိန်ကစပြီး ကျေးရွာတွေအတွင်းမှာ ရှိတဲ့ ပြည်သူပိုင် သစ်တောတွေကို စတင်သတ်မှတ်ဖို့နဲ့ အရေးပါတဲ့ ဂေဟစနစ်ကို ထိန်းသိမ်းစောင့်ရှောက်ဖို့ သံန္နိဋ္ဌာန်ချလိုက်မိတော့တာပဲ" ဟု ဦးမျိုးဦးက ပြောခဲ့သည်။
ကျောင်းဆရာအလုပ်ကို သူ စွန့်လွှတ်လိုက်ပြီး တနင်္သာရီတိုင်း အစိမ်းရောင်ကွန်ရက် အဖွဲ့အစည်းကို စတင် တည်ထောင်ခဲ့ပါသည်။ တချိန်တည်းမှာပင် ဒီရေတောများကို ဖျက်ဆီးခံရခြင်းကြောင့် ကျရောက်ခဲ့သည့် အန္တရာယ်တွေနှင့် ပတ်သက်၍ အနီးနားဝန်းကျင်က ကျေးရွာနေ ပြည်သူများကို ပညာပေး ဟောပြောမှုများ စတင်လုပ်ဆောင်ခဲ့ပါသည်။ အဓိကကျသည့် အောင်မြင်မှုတစ်ခုမှာ အဆိုပါပင်လယ်စာ ကုမ္ပဏီသည် ၂၀၁၆ ခုနှစ်တွင် နောက်ထပ် ဒီရေတော ဧက ၇၀၀ ကျော် ရယူမှုကို ရပ်တန့်နိုင်ခဲ့ပါသည်။ ဤကဲ့သို့ ဖြစ်လာရန်အတွက် သူ၏ဟောပြောဆွေးနွေးမှုများသည် စည်းရုံးလှုံ့ဆော်မှုများတွင် အထောက်အကူပြုခဲ့ပါသည်။
![A bulldozer clears mangrove forest to establish a shrimp farm. A bulldozer clears mangrove forest to establish a shrimp farm.](/sites/g/files/zskgke326/files/2023-10/idrr_2023_story-2-resized.jpg)
ပုစွန်ကန်များ တည်ဆောက်ရန်အတွက် ဒီရေတောများအား မြေထိုးစက်(ဘူဒိုဇာ)ဖြင့် ရှင်းလင်းဖယ်ရှားနေသည်ကို တွေ့မြင်ရစဉ်။
ဧရာဝတီမြစ်ဝကျွန်းပေါ်တစ်လျှောက်နှင့် ရခိုင်ပြည်နယ်အပါအဝင် တနင်္သာရီတိုင်းဒေသကြီးအထိ ရှည်လျားစွာတည်ရှိနေသော ဒီရေတောများသည် အရှေ့တောင်အာရှတွင် ဒုတိယအကြီးမားဆုံး၊ အကျယ်ပြန့်ဆုံးဖြစ်ပြီး ၂၀၂၀ ခုနှစ်အထိ တိုင်းတာချက်များအရ ခန့်မှန်းခြေစတုရန်း ကီလိုမီတာ ၄,၄၅၀ ရှိပါသည်။
အဆိုပါဒီရေတောများသည် ကမ်းရိုးတန်းဒေသကို အမှီပြုပြီး အသက်မွေးဝမ်းကျောင်းပြု နေထိုင်ကြသူများအတွက် ဒီရေလှိုင်းများ၊ ဆိုင်ကလုန်းမုန်တိုင်းများနှင့် ပြင်းထန်သောလေပြင်းများမှ ကာကွယ်ပေးနေသည့် အရေးပါသော သဘာဝအကာအကွယ်များပင် ဖြစ်ကြသည်။
ဒီရေတော၏ အမြစ်များသည် မြေဆီလွှာကို ကုပ်ယူထားသောကြောင့် ကမ်းရိုးတန်းဒေသများတွင် မြေဆီလွှာရေတိုက်စားခြင်းကို ကာကွယ်ပေးသည်။ ဒီရေတောများသည် ကာဗွန်ပမာဏများစွာကို စုပ်ယူသိုလှောင်ထားနိုင်ခြင်းကြောင့်လည်း ကမ္ဘာလုံးဆိုင်ရာ ကာဗွန်ထုတ်လွှတ်မှုကို လျော့ချရာတွင် များစွာအထောက်အကူဖြစ်စေပါသည်။
ဒီရေတောများကို ထိန်းသိမ်းခြင်းသည် ပြင်းထန်သော ရာသီဥတုနှင့် သဘာဝဘေးအန္တရာယ်များမှ ကာကွယ်ရာရောက်သည့်အပြင် ဒေသခံများ၏ အသက်မွေးဝမ်းကြောင်းအတွက် မှီခိုနေရသော ငါးလုပ်ငန်းတွင် အရေးကြီးသည့် ဇီဝမျိုးစုံမျိုးကွဲများကိုလည်း တည်တံ့စေသည်။
သို့သော်လည်း မြန်မာနိုင်ငံ၏ ဒီရေတောများသည် ကမ္ဘာပေါ်တွင် ပျက်သုန်းရန် ခြိမ်းခြောက်မှု အခံရဆုံးစာရင်းတွင် ပါဝင်နေပါသည်။
စင်ကာပူအမျိုးသားတက္ကသိုလ်၏ ခန့်မှန်းချက်များအရ ဆန်၊ စားအုန်းဆီနှင့် ရော်ဘာထုတ်လုပ်မှုကဲ့သို့ အခြားအသုံးအဆောင်အဖြစ်သို့ သွယ်ဝိုက် ပြောင်းလဲထုတ်လုပ်ခြင်းကြောင့် ၁၉၉၆ ခုနှစ်မှ ၂၀၁၆ ခုနှစ်အတွင်းတွင် ဒီရေတော သုံးပုံနှစ်ပုံနီးပါး ပြုန်းတီးခဲ့သည်။
တနင်္သာရီတိုင်းဒေသကြီးတွင် မီးသွေးထုတ်လုပ်ခြင်းသည် တရားမဝင်သော်လည်း မီးသွေးဖိုများအား မကြာမကြာဆိုသလို နေရာအနှံ့တွင် လုပ်ကိုင်လျှက်ရှိသည်ကို မြင်တွေ့နေရဆဲဖြစ်သည်။
တနင်္သာရီတိုင်းဒေသကြီးမှ ထွက်ရှိသော မီးသွေး၏ စျေးကွက်တွင် ရေပန်းစားမှုမှာလည်း ဒေသခံများကို သစ်ခုတ်ရန်အတွက် တွန်းအားပေးသလိုဖြစ်နေသည်။ အထူးသဖြင့် မြန်မာနိုင်ငံ၏ စီးပွါးရေးကျဆင်းပြီး အလုပ်အကိုင် အခွင့်အလမ်းများ နည်းပါးလာမှုကလည်း အဓိကစိန်ခေါ်မှု တစ်ခုပင်ဖြစ်သည်။ ဤဒေသရှိ ရွာများတွင် လူငယ်များသည် နေရပ်စွန့်ခွါကာ ထိုင်းနိုင်ငံကဲ့သို့သော တဖက်နိုင်ငံများသို့ အလုပ်သွားရောက်လုပ်ကိုင်မှုများ များပြားလာသောကြောင့်လည်း ရွာများတွင် လူငယ်၊ လူရွယ်မရှိသလောက် နည်းပါးလာမှုကိုလည်း တွေ့ရသည်။
ထိုကဲ့သို့သော ဖြစ်ရပ်များကို ပြုပြင်ပြောင်းလဲရန် နည်းဗျူဟာများ အလွန်လိုအပ်ပါသည်။ သို့သော်လည်း မြန်မာ့နိုင်ငံရေး အကျပ်အတည်းနှင့် မတည်ငြိမ်မှုများသည် ၂၀၂၁ ခုနှစ် အာဏာသိမ်းယူပြီးနောက်ပိုင်းတွင် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာ ကိစ္စရပ်များအား ကိုင်တွယ်ဖြေရှင်းရန် လုပ်ဆောင်မှုများကို အဟန့်အတားဖြစ်စေခဲ့သည်။ တရားဥပဒေ စိုးမိုးမှုလည်း အားနည်းလာကာ မတည်ရန်ပုံငွေများကို ပိုမိုစိန်ခေါ်မှုရှိသော ပတ်ဝန်းကျင်တွင် လုပ်ဆောင်နေသည့် အရပ်ဘက်အဖွဲ့အစည်းများထံ လွှဲပြောင်းလုပ်ဆောင်ခြင်းများနှင့် ထိုအဖွဲ့အစည်းများအနေဖြင့် လွပ်လပ်စွာ လုပ်ကိုင်ဆောင်ရွက်နိုင်ခြင်းများမှာလည်း ခက်ခဲလာခဲ့သည်။
"ရှိပြီးသား ကာကွယ်တောတွေကို ကြီးကြပ်ကွပ်ကဲမှု အားနည်းတာကြောင့်ရော ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကို အခုမှာတော့ ဒေသခံတချို့က မလိုက်နာကြတာတွေကြောင့် ကျွန်တော်တို့အနေနဲ့ ဒီရေတောတွေကို ထိန်းသိမ်းကာကွယ်ဖို့ ခက်ခဲလာခဲ့ရတယ်။ ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တော အသစ်တွေကိုလည်း ထပ်ပြီး တိုးချဲ့နိုင်ဖို့ကလည်း အခုအခါမှာ တော်တော်မလွယ်တော့သလို ဖြစ်နေပါတယ်” ဟု ဦးမျိုးဦးက နိုင်ငံတကာကအဖွဲ့အစည်းများ လာရောက်လုပ်ကိုင်ကြခြင်း ယခင်က ရှိခဲ့သော်လည်း ယခုအခါ ထွက်ခွါသွားကြသည့် ဖြစ်နိုင်ခြေ အကြောင်းအရင်းအပေါ် သူ၏ထင်မြင်ချက်ကို ပြောကြားခဲ့သည်။
သို့သော်လည်း UNDP သည် သဘာဝပတ်ဝန်းကျင်ကို ကာကွယ်ရန်၊ ပြည်သူများ၏ အသက်မွေးဝမ်းကျောင်းမှု မြှင့်တင်ရန်နှင့် ဆင်းရဲမွဲတေမှု လျှော့ချရန် နည်းလမ်းများကို ရှာဖွေနေပါသည်။ ကျွန်ုပ်တို့သည် အစိမ်းရောင်ကွန်ရက် (တနင်္သာရီတိုင်းဒေသကြီး) နှင့် Myanmar Environmental Rehabilitation-conservation Network (MERN) ကဲ့သို့သော ဒေသခံအဖွဲ့အစည်းများနှင့်အတူ လက်တွဲဆောင်ရွက်လျက်ရှိပြီး ဒေသခံများ၏ ဒီရေတောများအပေါ် တန်ဖိုးထား ထိန်းသိမ်းလိုစိတ်ကို မြှင့်တင်နိုင်စေရန်နှင့် အဆိုပါဒီရေတောများအား ထိန်းသိမ်းစောင့်ရှောက်ရန် အကူအညီများကို ဆောင်ရွက်ပေးလျက်ရှိသည်။
![Two men in Myanmar's Tanintharyi Region hang a sign in a mangrove forest that reads: "This area is protected. Do not cut down trees.". Two men in Myanmar's Tanintharyi Region hang a sign in a mangrove forest that reads: "This area is protected. Do not cut down trees.".](/sites/g/files/zskgke326/files/2023-10/idrr_2023_story-1-resized.jpg)
ကာကွယ်တော၊ သစ်မခုတ်ရ ဆိုသည့် သတိပေးဆိုင်းဘုတ်အား တပ်ဆင်နေသည့် ဒေသခံများကို တွေ့ရစဉ်။
“ကျေးရွာကသူတွေအတွက် ဒီရေတောနဲ့လိုက်လျောညီထွေရှိတဲ့ အသက်မွေးဝမ်းကြောင်းလုပ်ငန်းတွေကို မိတ်ဆက်ပေးဖို့ အရမ်းလိုအပ်ပါတယ်။ ဒါမှမဟုတ်ဘဲ ရေရှည်တည်တံ့တဲ့ ဝင်ငွေရင်းမြစ်မရှိရင်က ဒီရေတောတွေကို ခုတ်ရောင်းတာတွေ ပြန်လုပ်မှာ စိုးရိမ်ရတယ်” ဟု ဦးမျိုးဦးက ပြောပြပေးခဲ့ပြီး ဒေသခံများသည် အဆိုပါဒီရေတောများမှ ပုံမှန်ဝင်ငွေရရှိပါက ပိုမိုပြီး တန်ဖိုးထား ထိန်းသိမ်းစောင့်ရှောက်လာမည်ဖြစ်ကြောင်းကိုလည်း ထမ်မံရှင်းပြပေးခဲ့သည်။
ထိုကဲ့သို့ ပြည်သူအစုအဖွဲ့ပိုင်သစ်တောလုပ်ငန်းကို အခြေခံသည့် အသက်မွေးဝမ်းကြောင်းလုပ်ငန်းများတွင် ပျားရည်ထုတ်လုပ်ခြင်း၊ ဂဏန်းနှင့် ဂုံးမွေးမြူခြင်းများအပြင် သဘာဝဆေးဘက်ဝင် ကမ်းဇော်ဆီထုတ်လုပ်ခြင်းများအထိ ပါဝင်သည်။
ဒီရေတောအခြေပြု သဘာဝသွေးဂုံး (ဒေသအခေါ် ဂျင်း) မွေးမြူထုတ်လုပ်ခြင်း
![U Tun Kyaw Aung holds farmed blood clams in his hand U Tun Kyaw Aung holds farmed blood clams in his hand](/sites/g/files/zskgke326/files/2023-10/idrr_2023_story-5-resized.jpg)
သွေးဂုံးများအား ကိုင်ဆောင်ပြသနေသည့် ဦးထွန်းကျော်အောင်ကို တွေ့ရစဉ်။
ဦးထွန်းကျော်အောင်သည် ယခုအခါ မြိတ်ခရိုင်အတွင်း ၎င်း၏ကျေးရွာရှိ ဒီရေတောအခြေပြု သဘာဝသွေးဂုံးမွေးမြူရေးကို လုပ်ဆောင်နေသည့် သူများထဲမှ တစ်ဦးဖြစ်သည်။ UNDP မှ မတည်ငွေအဖြစ် မြန်မာကျပ်ငွေ သိန်းငါးဆယ်(ဒေါ်လာ ၃,၀၀၀) ကို UNDP နှင့်တွဲဖက်လုပ်ဆောင်နေသော ပါတနာအဖွဲ့အစည်းများမှ တစ်ဆင့် ပေးအပ်ခဲ့ပြီး ပါတနာအဖွဲ့အစည်းများကလည်း လုပ်ငန်းစတင်ရန် သင်တန်းများဖြင့် ပံ့ပိုးပေးခဲ့သည်။
“သွေးဂုံးစမွေးတော့မယ်ဆိုရင် အရင်ဆုံး ဝါးလုံးတွေနဲ့တိုင်တွေ စစိုက်ရတယ်။ ပြီးတော့မှ ပတ်ပတ်လည်ကို ခြံခတ်တဲ့သဘောနဲ့ ပလတ်စတစ်ပိုက်စိမ်းတွေ လိုက်ချရပါတယ်။ နောက်တစ်ဆင့်ကတော့ ရွံ့ကိုပျော့နေအောင်နယ်ရတာပါပဲ။ ဂုံးပေါက် သားလောင်းလေးတွေဟာ ရွံ့ကပျော့နေမှ သူကရှင်နိုင်တာကြောင့်ပါ။ ရွံ့နယ်ပြီးရင်တော့ ဂုံးပေါက်သားလောင်းတွေကို စထည့်ပြီးမွေးလို့ရပါပြီ။ ဒါပေမယ့် ပစ်မထားဘဲနေ့တိုင်း စစ်ဆေးနေဖို့ လိုပါတယ်။ ဂုံးကိုသဘာဝအလျှောက်လာစားတဲ့ ခရုတွေ၊ ငါးနဲ့ ပုစွန်တွေရန်က ကာကွယ်နိုင်အောင်လို့ပါ” ဟု ပြောပြခဲ့သည်။
“အဲဒီလိုမျိုး ခြောက်လကြာအောင် ဂရုတစိုက်နဲ့ မွေးထားပြီးပြီဆိုရင်တော့ နောက်ဆုံးမှာ စျေးကွက်ကို တင်ရောင်းနိုင်ပြီပဲ ဖြစ်ပါတယ်။ ဂုံးတွေကို စျေးကွက်ဝင်အရွယ်အစားရရှိမှပဲ ထုတ်ရောင်းမှာဖြစ်ပြီး မြိတ်မြို့မှာရှိတဲ့ အဝယ်ကိုယ်စားလှယ်တွေ/ အဝယ်ဒိုင်ကြီးတွေဆီမှာ ရောင်းချသွားမှာပါ။”
ဂုံးမွေးမြူခြင်းကို ထိုကျေးရွာတွင် ပထမဆုံး မိမိဘာသာ စတင်လုပ်ကိုင်သည့် နှစ်တွင် ဒေသခံများသည် လုပ်ငန်းအတွေ့အကြုံမရှိခြင်းတို့ကြောင့် ဂုံးသားပေါက်များမှာ အဖတ်မတင်ဘဲ ခရုနှင့်ငါးများ ဝင်ရောက်စားသောက်ခံရကာ အမြတ်ငွေမရရှိခဲ့ပေ။ ယခုနှစ်တွင် ယင်းဖျက်ဆီးကျူးကျော်လာသည့် ခရုနှင့်ငါးများကို ကိုင်တွယ်နှိမ်နှင်းရန်အတွက် သင်တန်းများထပ်မံရရှိခဲ့ကြပြီး ဂုံးမွေးမြူရေးကန်အား အစဉ်မပြတ်စောင့်ကြပ်ကြည့်ရှုရန် တာဝန်ခံတစ်ယောက်ကိုလည်း ခန့်အပ်ထားခဲ့သည်။ ထိုကဲ့သို့ သုံးနှစ်ကာလအတွင်း ဂုံးမွေးမြူထုတ်လုပ်မည့် စီမံကိန်းအောင်မြင်ပါက ဒေသခံများသည် ရင်းနှီးမြှုပ်နှံမှုထက် ငါးဆကျော် အမြတ်အစွန်း ရရှိနိုင်ချေရှိပြီး အဆိုပါအမြတ်ငွေများထဲမှ တချို့ကို ဒီရေတောထိန်းသိမ်းခြင်း၊ ရပ်ရွာဖွံ့ဖြိုးတိုးတက်ရေးနှင့် ပညာရေးဆိုင်ရာများတွင် အသုံးပြုသွားမည်ဖြစ်သည်။
![A blood clam farm in Kar Par Ni community forest A blood clam farm in Kar Par Ni community forest](/sites/g/files/zskgke326/files/2023-10/idrr_2023_story-3-resized.jpg)
ကမ်းပါးနီ ပြည်သူအစုအဖွဲ့ပိုင်သစ်တောအတွင်းရှိ သွေးဂုံးမွေးမြူရေးကန်တစ်ခုအား တွေ့ရစဉ်။
ရရှိလာမည့် အမြတ်ငွေများသည် ဒေသခံတစ်ဦးဖြစ်သူ ဒေါ်နီနီစန်းအတွက် သူမ၏သားဖြစ်သူအား ပညာရေးအတွက် ထောက်ပံ့ပေးနိုင်တော့မည် ဟူသည့် မျှော်လင့်ချက်တစ်ခုကို ပေးသည်။
“သားဖြစ်သူက ငယ်ငယ်ကတည်းက ဖက်ရှင်ဒီဇိုင်းကို အရမ်းစိတ်ဝင်စားပြီး ဒီဇိုင်နာဖြစ်ချင်ခဲ့တာ။ ဒီကနေအမြတ်ငွေလေးတွေရရင်တော့ သူ့ကိုမြိတ်မှာရှိတဲ့ ဒီဇိုင်းသင်တန်းကို ပို့ပေးချင်တယ်” ဟု သူမကပြောခဲ့သည်။
ရိုးရာနည်းဖြင့် ဒီရေတော သဘာဝပျားရည် ထုတ်လုပ်ခြင်း
မြိတ်ခရိုင်ရှိ အခြားသောကျေးရွာတစ်ရွာတွင် လူပေါင်း ၅၀ ခန့်သည် ပြည်သူအစုအဖွဲ့ပိုင် သစ်တောများကိုအမှီပြုပြီး ပျားပုံးများကို သစ်ပင်များတွင်ချိတ်ဆွဲကာ ဒီရေတော သဘာဝပျားရည် ထုတ်လုပ်ခြင်းကို လုပ်ကိုင်လျှက်ရှိသည်။ ထိုကဲ့သို့ ပျားရည်ထုတ်လုပ်ခြင်းမှ ဒေသခံတစ်ဦးဖြစ်သူ ကိုအောင်ကိုကိုသည် သူ့မိသားစုအတွက် လိုအပ်သောဝင်ငွေကို ရရှိနေသည်။
"ကျွန်တော်ပိုင်တဲ့ မြေ ၄/၅ ဧကလောက်ပေါ်မှာ ရော်ဘာ၊ ကွမ်းနဲ့ အုန်းစိုက်တုန်းက ဝင်ငွေ လုံလုံလောက်လောက် မရရှိခဲ့ပါဘူး။ အဲဒါကြောင့် သူများလယ်မြေမှာ အငှါးချလုပ်ကိုင်ခဲ့ရတာတွေလည်း ရှိပါတယ်” ဟု သူကပြောပြခဲ့သည်။
ယခုနှစ်တွင် သူသည် ပျားအုံပေါင်း ၂၀ ကိုပြုစုမွေးမြူခဲ့ပြီး ပျားရည်ထုတ်လုပ်ရောင်းချခြင်းမှ ကျပ်ငွေ ၅၀၀,၀၀၀ (ဒေါ်လာ ၂၄၀) ရရှိခဲ့သည်။ ဒီရေတောပျားရည်ထုတ်လုပ်ခြင်းကို လုပ်ကိုင်လျှက်ရှိသော ဒေသခံများသည် ပျားရည် (၁၀) ပုလင်းရောင်းချရသည့်အခါတိုင်းတွင် (၁)ပုလင်းစာကို သစ်တောကာကွယ်ရေးအပြင် တခြားသော သစ်တောစီမံမှု စရိတ်စကများကို ကာမိစေရန်အတွက် ပြန်လည် ထည့်ဝင်ကာ ရင်းနှီးမြှုပ်နှံထားကြသည်။
![Aung Ko Ko hangs his beehives beneath a roof to keep them dry during rainy season Aung Ko Ko hangs his beehives beneath a roof to keep them dry during rainy season](/sites/g/files/zskgke326/files/2023-10/idrr_2023_story-6-resized.jpg)
မိုးရာသီကာလအတွင်း အမိုးအောက်တွင် ပျားပုံးများကို အခြောက်လှန်းနေသည့် ကိုအောင်ကိုကိုကို တွေ့ရစဉ်။ ပျားရည်ထုတ်လုပ်ခြင်းသည် မိုးလေကင်းလွတ်ပြီး ခြောက်သွေ့သောရာသီအပိုင်းအခြား ဖြစ်သည့် နိုဝင်ဘာလမှ မေလအတွင်းသာ လုပ်ကိုင်နိုင်သည်။
"ကျွန်တော့်အနေနဲ့ ဘာငွေအရင်းအနှီးမှ စိုက်ထုတ်စရာမလိုဘဲ UNDP ဆီကအထောက်အပံ့နဲ့ ဒီလောက်ဝင်ငွေ ရရှိခဲ့တာမို့လို့ တကယ်ကိုပဲ ဝမ်းသာမိတယ်။ လာမယ့် ပျားရာသီမှာလည်း ဒီလိုမျိုး ထပ်ပြီး ပျားအောင်ဖို့၊ ဝင်ငွေတွေထပ်ရဖို့ မျှော်လင့်နေပါတယ်" ဟု ကိုအောင်ကိုကို မှပြောခဲ့သည်။ ထိုကဲ့သို့ ပျားရည်ရောင်းချခြင်းမှ ရရှိလာသည့်ဝင်ငွေကို သူ၏မိသားစုအတွက် အစားအစာများနှင့် အခြားလိုအပ်သောပစ္စည်းများ ဝယ်ယူရာတွင် အသုံးပြုခဲ့ကြောင်းလည်း သိရသည်။
"ကျွန်တော့်ရွာက ပျားမွေးမြူရေးကို စိတ်ဝင်စားတဲ့ အသိမိတ်ဆွေတွေကိုလည်း ကျွန်တော့်ရဲ့ အတွေ့အကြုံတွေ၊ ဆောင်ရန်၊ ရှောင်ရန်တွေနဲ့ ဗဟုသုတတွေကို မျှဝေပေးဖို့ အဆင်သင့်ပါပဲ။ နောက်ရာသီတွေမှာ သူတို့ရဲ့ ပျားရည်ထုတ်လုပ်တာတွေ၊ ပျားစမွေးတာတွေကို ကူညီပေးချင်ပါတယ်။"
UNDP ၏ ဌာနေကိုယ်စားလှယ် Titon Mitra မှ "တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အပြောင်းအလဲတွေ မဖြစ်နိုင်သေးပေမယ့်လည်း မြန်မာနိုင်ငံမှာရှိတဲ့ စီးပွါးရေးနှင့် ရာသီဥတုဆိုင်ရာ ပြောင်းလဲမှုတွေ၊ စိန်ခေါ်မှုတွေကို ရင်အဆိုင်ရဆုံး သူများရဲ့ ဘဝတွေကို ပံ့ပိုးမြှင့်တင်ပေးနိုင်အောင်တော့ UNDP က အတတ်နိုင်ဆုံး ကြိုးစားဆောင်ရွက်နေပါတယ်" ဟုပြောကြားခဲ့သည်။"
နော်ဝေအစိုးရ၏ ရန်ပုံငွေပံ့ပိုးကူညီမှုဖြင့် UNDP သည် ရပ်ရွာဒေသအစုအဖွဲ့ ၂၀ ကျော်ကို စီးပွါးရေးနှင့် သစ်တောစီမံခန့်ခွဲမှုသင်တန်းများ ပို့ချပေးခြင်း၊ အသက်မွေးဝမ်းကြောင်းလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ရန်ပုံငွေနှင့် စက်ကိရိယာများ ပံ့ပိုးပေးခြင်းစသည်ဖြင့် ဒီရေတောများကို ကာကွယ်ထိန်းသိမ်းခြင်းအား လုပ်ဆောင်လျှက်ရှိသည်။ ထိုကဲ့သို့လုပ်ဆောင်မှုများသည် မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးရှိ သစ်တောဧက ၁၁,၀၀၀ ကျော်နှင့် လူဦးရေ ၃၃,၀၀၀ ကျော်အပေါ် လွှမ်းခြုံကာ ကောင်းကျိုး သက်ရောက်စေခဲ့သည်။