နွေရာသီကာလအတွင်း အပူပိုင်းဇုန်ဒေသ ရေရရှိရေးအတွက် UNDP ၏ ကြိုးပမ်းမှုများ

2024- May 21
အပူပိုင်းဇုန်ဒေသအတွင်း နွားလှည်းများဖြင့် ရေသယ်ယူနေသော ဒေသခံများကို တွေ့ရစဥ်။

အပူပိုင်းဇုန်ဒေသအတွင်း နွားလှည်းများဖြင့် ရေသယ်ယူနေသော ဒေသခံများကို တွေ့ရစဥ်။

UNDP Myanmar

မြန်မာနိုင်ငံ အပူပိုင်းဒေသ၏ ပြင်းထန်သော နွေရာသီကို  ရင်ဆိုင်အံတုရန်မှာ ဒေသခံများအတွက် ကြီးမားသော စိန်ခေါ်မှုများဖြစ်သည်။ ရေရှားပါးခြင်းကလည်း ပိုမိုဆိုးရွားလာသဖြင့် သန့်ရှင်းသောရေရရှိရေးသည် ကျေးလက်နေပြည်သူများအတွက် အရေးတကြီး လိုအပ်ချက်တစ်ခုဖြစ်လာသည်။ UNDP သည် ဤစိန်ခေါ်မှု အခက်အခဲများကို နားလည်သိရှိပြီး လူ့အသိုင်းအဝိုင်းများအတွင် ခံနိုင်ရည်ရှိမှုကို တည်ဆောက်နိုင်ရန် ရည်ရွယ်လုပ်ဆောင်လျှက်ရှိသည်။ 

UNDP ၏ အပူပိုင်းဒေသဖွံ့ဖြိုးရေး ပရောဂျက်များထဲမှ ကန်နီကြီးကျေးရွာတွင် ပံ့ပိုးဆောင်ရွက်ချက်များသည် ထိုရည်ရွယ်ချက်ကို မီးမောင်းထိုးပြပါသည်။ အပူပိုင်းဒေသ ရွာတစ်ရွာဖြစ်သော ကန်နီကြီးရွာတွင် အဓိကရေအရင်းအမြစ်ဖြစ်သည့် ကန်နီကြီးရေကန်ထဲမှ ရေများကို ကျေးရွာနေပြည်သူများသည် သဲရေစစ်ကန်များ မပါရှိဘဲ သုံးစွဲသောက်သုံးနေခဲ့ကြရသည်။

ပြုပြင်မွန်းမံမှုများအပြီး တွေ့ရသော ကန်နီကြီးရေကန်။

ပြုပြင်မွန်းမံမှုများအပြီး တွေ့ရသော ကန်နီကြီးရေကန်။

UNDP/Su Sandi Htein Win

"ဒီကန်ထဲက သန့်ရှင်းတဲ့ သောက်ရေရခြင်းက ကျွန်မတို့တွေရဲ့ ကျန်းမာရေးအတွက် အရမ်းအရေးကြီးပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ဒီကန်ထဲကရေကိုပဲ ကျွန်မတို့ရွာအပြင်ကို အနီးနား (၇) ရွာလောက်က သုံးနေကြရတာမို့လို့ပါ " ဟု မသန့်ရှင်းသော သောက်သုံးရေကြောင့် ကျန်းမာရေး ပြဿနာများကြုံတွေ့ခဲ့ဖူးသူ မပေါနိုင်က ပြောပြပေးခဲ့သည်။ 

သောက်သုံးရေသန့်ရှားပါးခြင်းကို ဖြေရှင်းရန်အတွက် UNDP သည် ကျေးရွာကော်မတီနှင့် ပူးပေါင်းကာ ရပ်ရွာနှင့် အနီးတစ်ဝိုက်ကျေးရွာများအတွက် ရေသန့်ရရှိရေးကို အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါသည်။ ပြန်လည်ပြုပြင်မွမ်းမံထားသော ကန်နီကြီးရေကန်သည် ယခုအခါ ပူပြင်းသော နွေရာသီကာလတွင် ရေဂါလန်နှစ်သန်းအထိ သိုလှောင်နိုင်ပြီဖြစ်သည်။ 

ရေကန်အား ဝန်းရံထားသည့် ခိုင်ခံ့တောင့်တင်းသော လှေကားကန်ဘောင်။

ပြုပြင်မွန်းမံမှုများအပြီး တွေ့ရသော ကန်နီကြီးရေကန်။

UNDP/Su Sandi Htein Win

လွန်ခဲ့သည့်နှစ်များက နွေရာသီတွင် ရေသန့်သိုလှောင်ရန် အခက်အခဲများစွာရှိခဲ့ကြောင်းကိုလည်း ကျေးရွာအဖွဲ့ဝင်တစ်ဦးဖြစ်သူ ဦးမောင်ဝင်းက ရှင်းပြသည်။ "UNDP က ရေကန်ကို ပြုပြင်ပြီး သဲရေစစ်ကန် မတပ်ခင်က ဒီကရေက မသန့်တော့ သောက်လို့မရတာကို သောက်ကြတဲ့အခါမှာ ကျန်းမာရေး ပြဿနာတွေ ဖြစ်လာပါတယ်။ အခုကတော့ ရေကန်ကို သန့်အောင် ပြင်ပြီးတဲ့အပြင်ကို နွေရာသီအတွက် ရေဂါလံအများကြီးကို သိုလှောင်နိုင်ပါပြီ။"

ရေကန်အကြောင်း လိုက်လံရှင်းပြပေးသော ဦးမောင်ဝင်းအား တွေ့ရစဥ်။

ရေကန်အကြောင်း လိုက်လံရှင်းပြပေးသော ဦးမောင်ဝင်းအား တွေ့ရစဥ်။

UNDP/Su Sandi Htein Win

ကန်နီကြီးရေကန် ပြုပြင်မွမ်းမံခြင်းကို အကောင်အထည်ဖော်ရာတွင် UNDP ၏ ‘လုပ်အားအတွက် ငွေသားပေးအပ်ခြင်း’ အစီအစဥ်ဖြင့် လုပ်ဆောင်စေခဲ့ရာ ကျေးရွာနေသူများအတွက် လတ်တလော ဝင်ငွေရရှိအောင် အခွင့်အလမ်းများ ဖန်တီးပေးနိုင်ခဲ့သည်။

ကျေးရွာရှိ ဒေသခံ မိန်းကလေးငယ်များ ရေခပ်ဆင်းနေသည်ကို တွေ့ရစဥ်။

ကျေးရွာရှိ မိန်းကလေးငယ်များ ရေခပ်ဆင်းနေသည်ကို တွေ့ရစဥ်။

UNDP/Su Sandi Htein Win

“ရေကန်ပြင်နေတဲ့ ကာလတစ်လျှောက်မှာ UNDP က ရွာထဲက ဆင်းရဲနွမ်းပါးတဲ့ အိမ်ကလူတွေကိုပဲ ဦးစားပေးပြီး အခကြေးငွေနဲ့ အလုပ်သမားပြန်ခန့်ပေးလို့ ကောက်ရိတ်ချိန်အပြီး အလုပ်မရှိ၊ ကာလအကြား ဝင်ငွေလေးရနေခဲ့ပါတယ်” ဟု မပေါနိုင် ကပြောပြပေးခဲ့သည်။  

ဒေါ်ပေါနိုင်အား ရေကန်ပြုပြင်အပြီး တွေ့ရစဥ်။

ဒေါ်ပေါနိုင်အား ရေကန်ပြုပြင်အပြီး တွေ့ရစဥ်။

UNDP/Su Sandi Htein Win

ကျွန်ုပ်တို့သည် မြန်မာပြည် အပူပိုင်းဇုန်ဒေသတွင် စိန်ခေါ်မှုများကို အခွင့်အလမ်းများအဖြစ် ပြောင်းလဲရန်၊ ကြံ့ကြံ့ခံနိုင်ရည် တည်ဆောက်ရန်၊ လူမှုအသိုက်အဝန်းများကို ပိုမိုကောင်းမွန်သည့် အသွင်ကူးပြောင်းရန်နှင့် ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှုကို အာမခံချက်ပေးရန် ရပ်ရွာအသိုင်းအဝိုင်းများနှင့် အတူတကွ ပူးပေါင်း လုပ်ဆောင်နေပါသည်။